Al Mamzer Beach Park ရောက်တော့ လူတွေအများကြီးပဲ ကားပါကင်တွေလဲ အကုန်ပြည့်နေတယ်။ ကိုယ့်လို ပါကင်ရှာတဲ့သူတွေလဲ မနဲဘူး။ တော်တော်စိတ်ညစ်သွားတယ် ကားက ၂စီးနဲ့သွားတာဆိုတော့ ဂျူဂျူးတို့ ကားကတော့ လူတွေအကုန် ပန်းခြံအ၀မှာချထားခဲ့ပြီး ဂျူဂျူးအဖေပဲ ပါကင်လိုက်ရှာတယ်။ ကျမတို့ကတော့ ၃ ပတ်လောက် ပတ်ရှာလိုက်သေးတယ် နောက်ဆုံးမရတဲ့အဆုံးမှာ သမီးငယ်လေးက အိပ်နေတာနဲ့ ကျမနဲ့ သမီးငယ်လေးနဲ့ သမီးတို့အဖေနဲ့ ကားပေါ်ချန်ခဲ့ပြီး ကျန်တဲ့သူတွေ အထဲ အရင်ဝင်ခိုင်းလိုက်ပါတယ်။ သူတို့ဆင်းသွားတော့ ကားပါကင် ထပ်ရှာတာ လဲ ၃ပတ် ၄ ပတ် ပတ်ပြီးမှ ရတယ်။
ကလေးအိပ်နေတာနဲ့ ကားပေါ်မှာပဲနေရင်း မိုးချုပ်သွားပါတယ်။ သမီးလေးနိုးလာတော့ သန့်ရှင်းရေးလုပ်ပေး Diaper လဲပေးပြီး ချိုချိုတိုက်ပါတယ်။ သမီးလေးက နို့ဘူးကိုလုံးဝ မစို့တော့ပဲ မိခင်နို့ပဲ စို့တာကြောင့် ခရီးသွားရတာအဆင် မပြေပါဘူး။ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံမှာတော့ ကလေးနို့ဆာရင် ဘယ်နေရာမှာဖြစ်ဖြစ် တိုက်လို့အဆင်ပြေပေမယ့် ဒီနိုင်ငံမှာတော့ လူမြင်ကွင်းမှာ မိခင်က ကလေးကိုနို့တိုက်လို့မရပါဘူး။ အဲ့တော့ သမီးလေးနို့ဆာရင် နို့တိုက်ဖို့နေရာရှာရတာက အလုပ်တလုပ်ပါ။ တချို့ သန့်စင်ခန်းတွေမှာ ကလေးနို့တိုက်ဖို့ ခုံလေးတွေချထားပေးပါတယ်။ တချို့နေရာတွေမှာတော့ မပေးထားပါဘူး။ အဲ့လိုမပေးထားရင်တော့ ကားရှိတဲ့နေရာ ပြန်သွားတိုက်ပါတယ်။ ခက်တာက သမီးလေးက နို့ကို တခါတည်းအ၀မစို့ပဲ နဲနဲနဲ့ ခဏခဏစို့တာကြောင့် အဆင်မပြေပါဘူး။ ကိုယ့်မိသားစုကြီးပဲ မဟုတ်ပဲ တခြားလူတွေပါ ပါတော့ အားနာဖို့လဲ ကောင်းပါတယ်။ ဒါပေမယ့်လဲ အားလုံးက လူရင်းတွေပဲဆိုတော့ နားလည်ပေးကြပါတယ်လေ။ သမီးကို ချိုချိုတိုက်ပြီးတာနဲ့ ပန်းခြံထဲ ကျမတို့လိုက်သွားပါတယ်။
ဒီပန်းခြံရောက်တာနဲ့ ကင်မရာကလဲ ဘက်ထရီကုန် မှောင်ကလဲ မှောင်သွားတော့ ဘာမှ မရိုက်လိုက်ရပါဘူး။ အောက်ကပုံကတော့ သူငယ်ချင်းတွေစီက ပြန်ကူးထားတာပါ။
 |
ပန်းခြံထဲက သစ်ပင်တွေအောက်မှာ အကင်လုပ်စားနေကြတဲ့သူတွေ အများကြီးပဲ .. လူတွေအရမ်းများတော့ အရမ်းညှော်တယ် |
 |
သစ်ပင်လေးတွေ ကျော်တာနဲ့ ကမ်းခြေရောက်တယ် .. |
Al Mamzer Beach Park ကအပြန် မြန်မာဆိုင်မှာ ညစာသွားစားကြပါတယ်။ ယူအေအီးမှာ ပထမဆုံးဖွင့်တဲ့ မြန်မာစားသောက်ဆိုင်ပါ။
Al Khail Mall မှာဖွင့်ထားပါတယ်။ ဘယ်လိုသွားရလဲ မေးရင်တော့ ကျမမသိဘူးနော် :)
 |
ကမ္ဘာ့အမြင့်ဆုံး အဆောက်အုံး ( Burj Khalifa ) |
Al Mamzer Beach Park ကို အသွားမှာ ရိုက်ခဲ့တာ..
 |
ပင်လယ်ထဲ ဖြတ်ဆောက်ထားတဲ့ ဥမင်လှိုင်ခေါင်း |
 |
မြန်မာဆိုင်ရှေ့မှာ သမီးလေး အိပ်ချင်မူးတူးနဲ့ ရယ်နေတယ် .. |
 |
ထုံးစံအတိုင်း အစားငမ်းလို့ စားပြီးမှ ရိုက်ရလို့ မစားနိုင်ပဲ ကျန်ခဲ့တာတွေပဲ ရိုက်ခဲ့ရတယ်လေ .. |
ကျမ ကြေးအိုးဆီချက်စားခဲ့တယ်။ လက်ဖက်ရည်လဲ သောက်သေးတယ်။
 |
ဒူဘိုင်း မြန်မာဆိုင် |
သွန်းဆင့်ကတော့ မြန်မာဆိုင်ရှေ့မှာပဲ အိပ်ပျော်သွားတယ်။ အဲ့ဒီကထွက်တော့ ည၉နာရီကျော်ပြီ။ ဒူဘိုင်းက တည်းတဲ့အိမ်မှာ ပစ္စည်းတွေဝင်ယူပြီး အဘူဒါဘီ ပြန်ကြတယ်။ ဒူဘိုင်းကအထွက်မှာ ရှင်မိုးရည်လေးအိပ်တယ်။ ညီအမ၂ ယောက်တလမ်းလုံးအိပ်လိုက်လာပြီး အိမ်ရောက်ပြီး မိုးလင်းတဲ့ထိ အိပ်သွားတယ်။ အိမ်ကို ည ၁၂နာရီ ထိုးခါနီး ပြန်ရောက်တယ်။ အိမ်ရောက်တာနဲ့ အားလုံး ခြေပစ်လက်ပစ် အိပ်ကြတာပေါ့။ ဒူဘိုင်း ခရီးစဉ်လေး အသုံးသတ်ပါပြီရှင် :)
No comments:
Post a Comment