Saturday, January 28, 2012

သွန်းဆင့်မိုးရည် ၇လပြည့်မွေးနေ့နှင့် ချော့ကလက်ကိတ် (French)

မနေ့က သမီးလေး မွေးတာ ၇လပြည့်တယ်။ အခု သွန်းဆင့် သွားတချောင်းပေါက်နေပြီ။ ချိုမိုင်မိုင် (လက်ချောင်းလေးတွေ ကွေးလိုက်ဆန့်လိုက်လုပ်တာ) လုပ်တတ်ပြီ။ သူ့ကိုချီစေချင်ရင် လက်ကလေး ဆန့်ပြီးခေါ်ခိုင်းတတ်သလို မခေါ်ရင် စိတ်တိုပြီးအော်တတ်ပြီ။ အရင်ကဆို သူ့ကိုချီထားပြီး လက်ပ်တော့ရှေ့ စာဖတ်လို့ရပေမယ့် ခုလက်ပ်တော့ရှေ့ထိုင်တာနဲ့ ကီးဘုတ်ကို တဗျန်းဗျန်းရိုက်တယ် ပေးမကိုင်ရင်ငိုလို့ သူ့ကိုချီပြီး စာဖတ်လို့ မရတော့လို့ ဘလော့ဂ်တောင် ကောင်းကောင်းမလည်ရဘူး။ အိမ်မှာ ကျမက ကျမအမေကို မေကြီးလို့ခေါ်ပြီး သမီးကြီးရှင်မိုးရည်က ကျမကို မေကြီး ဒါမှမဟုတ်ရင် မာမီလို့ ခေါ်ပါတယ်။ သွန်းဆင့်ကတော့ ကျမကို အခု "အမေ"လို့ (သူဘယ်သူ့ဆီကမှ မကြားဖူးပဲ) ခေါ်နေပါတယ်။ ကလေးငယ်လေးတွေဟာ "မ"သံကို အရင်ထွက်တတ်ကြတယ်လို့ တော့ကြားဖူးပါတယ်။ ပြီးခဲ့တဲ့အပတ်က နေမကောင်းဖြစ်လို့ ဒီလ၀ိတ်လဲမတက်ဘူး။ မနေ့က ချော့ကလက်ကိတ် စမ်းပြီးဖုတ်တာ အောင်မြင်လို့ သွန်းဆင့် ၇လပြည့်မွေးနေ့နဲ့လဲ တိုက်နေတာနဲ့ မွေးနေ့ကိတ်လုပ်လိုက်တယ်။  
Happy Birthday လုပ်ထားတဲ့ ပုံလေးတွေပါ။

ပထမဆုံးလက်ရာ ချော့ကလက်ကိတ်

သွန်းဆင့် ၇လပြည့်မွေးနေ့ အမှတ်တရ

သားအဖ သုံးယောက် သွန်းဆင့် weight=9kg, Height=73cm

မေကြီးအတွက်
ချော့ကလတ်ကိတ်လုပ်နည်း (လုပ်နည်းကို youtube မှယူပါသည်။)
ပါဝင်သောပစ္စည်းများ
Dark ချောကလက်  200g
ထောပတ်              180g
သကြား                  70g (အချိုကြိုက်ရင် ပိုထည့်ပါ)
ကြက်ဥ                   ၄လုံး
Plain Flour               1 tablespoon

မီးဖိုပေါ်တွင် အိုးတစ်လုံးဖြင့် ထောပတ်၊သကြား၊ချော့ကလက်တို့ကို အရည်ပျော်အာင် ကျိုထားပါ။ ကိတ်မုန့်ဖုတ်မည့် ခွက်အတွင်းဘက် အောက်ခြေနှင့် ဘေးပတ်ပတ်လည်ကို baking paperဖြင့် ကပ်ထားပေးပါ။ ပန်းကန်လုံးတခုအတွင်း ကြက်ဥများကို ပွအောင်မွှေပေးပြီး plain flour ကို ဇကာဖြင့်စစ်ထည့်ပြီး ထပ်မွှေပေးပါ။ ပြီးလျှင် အရည်ကျိုထားသော ချော့ကလက်များပါထည့်ပြီး မွှေပါ။ အားလုံးသမအောင် မွှေပြီးရင် ကိတ်ဖုတ်မည့်ခွက်ထဲထည့်ပါ။ ခွက်ရဲ့ပတ်လည်ကို Aluminum Foil ဖြင့်ပတ်ထားပါ။ ဗန်းတခုထဲသို့ Aluminum Foil ဖြင့်ပတ်ထားတဲ့ ကိတ်မုန့်ဖုတ်မည့်ခွက်ကို ထည့်ပြီး ဗန်းထဲသို့ ရေနွေး ၂စင်တီမီတာလောက်ထည့်ပါ။ ပြီးလျှင် oven ထဲထည့်ပြီး 170 degree C ဖြင့် 35-40 min ကြာအောင်ဖုတ်ပြီးလျှင် အရသာကောင်းမွန်သော ချော့ကလက်ကိတ်လေးရပါပြီ။ ကိတ်ရရင် တနာရီကြာမှ ခွက်ထဲက ထုတ်ပါမယ်။ ခွက်ထဲကထုတ်ပြီး နောက်ထပ် ၂နာရီကြာရင် စားလို့ရပါပြီရှင်။

oven ထဲကို ဒီပုံအတိုင်းထည့်ပါတယ် (အောက်ခြေက ဗန်းထဲမှာရေနွေးထည့်ထားပါတယ်)

Sunday, January 1, 2012

8th Anniversary

ဘာလိုလိုနဲ့ ကျမတို့ အိမ်ထောင်ကျတာ ၈ နှစ်တောင် ရှိသွားပါပြီ။ နှစ်ပတ်လည်နေ့လေးကတာ့ နှစ်တနှစ်ရဲ့ ပထမဆုံးရက်မှာ ကျရောက်ပါတယ်။ အမျိုးသားနဲ့ သူငယ်ချင်းဖြစ်တာတော့ ဟိုးလွန်ခဲ့တဲ့ ၁၁နှစ်လောက်ကပါ။ သူငယ်ချင်းတွေကနေ ချစ်သူဖြစ် လက်ထပ်ခဲ့ကြတဲ့ သူတွေပါ။ တကယ်တော့ သူငယ်ချင်းဘ၀တုံးက မြင်တာနဲ့ ရန်ဖြစ်နေကြတဲ့သူတွေပါ။ ရန်ဖြစ်တာတော့ ခုထိပဲ မျက်နှာမြင် ရန်ဖြစ်ပါစေဆိုတဲ့ ဆုနဲ့များ ပြည့်ခဲ့လေသလားမသိဘူး။ တယောက်က ဒါဆို တယောက်က ဟိုဟာပဲ ဆန့်ကျင်ဘက်လေး လုပ်ရမှ ကျေနပ်ကြ နေသာထိုင်သာ ရှိကြပါတယ်။ ကျမသူငယ်ချင်းတွေကတော့ ရန်ဖြစ်တိုင်း အားပေးကြပါတယ် နင်လွန်တယ်တဲ့။

ချစ်သူတွေဖြစ်ပြီး တနှစ်မပြည့်ခင် ၂ လအလိုမှာပဲ လက်ထပ်ဖြစ်ခဲ့ ကြတာပါ။ သူငယ်ချင်းဘ၀ကနေ ချစ်သူဘ၀အထိ အလုပ်ရှိကြပေမယ့် လက်ထပ်တဲ့အချိန်မှာတော့ ၂ယောက်သား အလုပ်လက်မဲ့ပါ။ နှစ်ဘက်မိဘတွေ ကလဲ သာမန်လူတန်းစားတွေပါ။ ဘ၀ကို သုညကနေ စခဲ့ကြပါတယ်။ အိမ်ထောင်ကျတဲ့အရွယ်ကလဲ ငယ်ပါသေးတယ် ကျမအသက် ၂၁ ထဲမှာပေါ့။ အမေ သဘောမတူပဲ ယူခဲ့တယ်။ အဲ့လို လိမ္မာတဲ့ သမီးလေးပါ။ အိမ်ထောင်ပြုတာ စောလားမစောလား ကိုယ်က ကလေး ၂ယောက်ရနေပြီ သူငယ်ချင်းတွေက ခုထိ အပျို(အပျိုကြီး) တွေပေါ့။ ဒီလိုနဲ့ ဘ၀မှာ နေရိပ်တခါ နေပူတခါနဲ့ ဖြတ်သန်းလာခဲ့ပါတယ်။

အိမ်ထောင်ကျပြီး လအနည်းငယ်မှာမှ နှစ်ယောက်သား အလုပ်ပြန်ရကြတယ်။ မနက်သွား ညပြန်နဲ့ ကျမတို့  နှစ်ယောက် ပိတ်ရက်တွေ လောက်ပဲ အေးအေးလူလူနေခဲ့ကြရတယ်။ နှစ်ယောက်အလုပ်လုပ်တာတောင် အိမ်စရိတ်က မလောက်လို့ အဖေက မုန့်ဖိုးပေးနေရပါသေးတယ်။ ဒီလိုနဲ့ ၂ နှစ်ကျော် ၃ နှစ်နီးပါ ရုံးသွားရုံးပြန်နဲ့ ဘ၀ကို အချိန်ကုန်ခဲ့ကြရတယ်။ ၂၀၀၇ သြဂုတ်လ ဟာ ကျမတို့ ဘ၀ကို တထစ်ချိုးခဲ့ရတဲ့ လပါ။ အမျိုးသား သူငယ်ချင်းတွေ စင်္ကာပူမှအဆင်ပြေနေတယ် ကြားတော့ အမျိုးသား ကသူလဲသွားပြီအလုပ်လုပ်ချင်လာတယ်။ လင်မယားဆိုတာ အတူတူနေရတယ်တဲ့ဆိုတဲ့ အဖေပြောတဲ့စကားကို နားမထောင်ပဲ ခွဲနေဖို့ ဆုံးဖြတ်လိုက်ကြတယ်။ စင်္ကာပူမှာ အလုပ်ရရင် ကျမလိုက်သွားမယ်ပေါ့။ နှစ်အနည်းငယ်လောက်အလုပ်လုပ်ပြီး ကိုယ့်နိုင်ငံပြန် အိမ်ပိုင်ယာပိုင်လေးနဲ့ စီးပွားရေးလေးလုပ်ပြီးတူတူ အေးအေးချမ်းချမ်းနေကြမယ်ပေါ့။ ဒီလိုနဲ့ အမျိုးသား စင်္ကာပူသွားပြီးအလုပ်ရှာဖို့ အမေက ငွေထုတ်ပေးတယ်။ အမေသဘောမတူပဲ ယူခဲ့ပေမယ့် မိဘဆိုတာ ဘယ်သားသမီးကိုမှ ပစ်မထားချင်ကြပါဘူး။

စင်္ကာပူသွားပြီး ၁ လကျော်လောက်အကြာမှာ အမျိုးသားအလုပ်ရပါတယ်။ အမျိုးသား စင်္ကာပူသွားဖို့ လုပ်နေတုန်းမှာပဲ ကျမမှာ သမီးကြီးကိုယ်ဝန်လွယ်ထားရတယ်။ အမျိုးသားအလုပ်ရရင် လိုက်သွားမယ် ကျမလဲ အလုပ်သွားလုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက် ပျက်ခဲ့ရတယ်။ အမျိုးသား အလုပ်ရတော့ ကိုယ်ဝန်ကိုပဲ ဂရုစိုက်ဖို့ ပြီးတော့ LCCI ကို ပြီးအောင်တက်ဖို့ နဲ့ တရုတ်စကားလေးသင်ဖို့ဆိုပြီ ကျမကို အလုပ်ကထွက်ခိုင်းပါတယ်။ စင်္ကာပူမှာ PR လျှောက်တာပဲ ဖြစ်ဖြစ် Dependent Visa နဲ့ပဲဖြစ်ဖြစ် သားအမိ နှစ်ယောက်လိုက်သွားဖို့ပါ။ ဒါပေမဲ့ ကံမပါလာခဲ့ပါ။ သမီးကြီးမွေးပြီး ၄ လလောက်အကြာမှာ အမျိုးသား အလုပ်က စင်္ကာပူကနေ ယူအေအီးကို ပြောင်းရမယ်ဆိုတာ ကြီးဖြစ်လာခဲ့ပါတယ်။ ဒီတသက် မိသားစုနဲ့ တူတူနေရပါ့မလားပေါ့။ ဒါနဲ့ မပြောင်းရခင် စင်္ကာပူမှာ အလုပ်လေးရှာကြည့်ဦး ဆိုပြီ ရှာခိုင်းတော့ ၂၀၀၈ ဟာ စင်္ကာပူမှာ အလုပ်ရှားတဲ့နှစ်နဲ့ သွားတိုက်ဆိုင်နေပါတယ်။ ဒါနဲ့ ပဲ ယူအေအီးသွားဖို့ ပိုသေချာသွားခဲ့ပါတယ်။ အမျိုးသား စင်္ကာပူမှာနေခဲ့တဲ့ ၁ နှစ်နဲ့ ၄ လအတွင်းမှာ ကျမတို့နှစ်ယောက် ၂ ခါပဲ ဆုံခဲ့ကြတယ်။ ကျမ ကိုယ်ဝန် ၆ လရှိစဉ်က တခါ စင်္ကာပူကို အလည်အဖြစ်လိုက်သွားတယ်။ အမျိုးသားက သမီးကြီး ရက် ၁၀၀ ပြည့်မှာ တခေါက်ပြန်လာတယ်။

ဒီလိုနဲ့ အမျိုးသား ယူအေအီးကို အလုပ်ပြောင်းပြီး ၄ လလောက်အကြာ သမီးကြီး ၁၀ လလောက်မှာ ကျမတို့တို့ မိသားစု ပြန်ဆုံခဲ့ကြတယ်။ ရောက်ရောက်ချင်း ကျမတို့ သားအမိ တော်တော်အားတင်းပြီးနေခဲ့ရတယ်။ အမျိုးသားအလုပ်သွားတဲ့အချိန်ဆို အိမ်မှာ သားအမိနှစ်ယောက်တည်း။ ရန်ကုန်မှာလို မိဘ ဆွေမျိုးမရှိတော့ ဘယ်လိုမှ မနေနိုင်ခဲ့ဘူး။ ရောက်ခါစဆိုတော့ မြန်မာအသိလဲမရှိပါဘူး။ ကလေးကိုလဲ တော်တော်သနားမိတယ်။ ဒါပေမဲ့ ကျမသမီးလေးကို မိဆုံ ဖဆုံနဲ့ မိသားစု အတူတူနေစေချင်တာ ကျမရဲ့အဖြစ်ချင်ဆုံး ဆန္ဒပါ။

လအနည်းငယ်လောက်ကြာလာတော့ နေသားကျလာခဲ့တယ်။ မြန်မာအသိလေးတွေလဲ ရလာတော့ နေရတာ နည်းနည်းအဆင်ပြေလာတယ်လို့ ခံစားမိတယ်။ ယူအေအီးမှာ ၉ လလောက်နေပြီး ရန်ကုန် ၁ လအလည်ပြန်တုန်း ကျမအမေကို ခေါ်လာခဲ့ပါတယ်။ အဓိကကတော့ ကျမ အလုပ်ရှာရင် ရှင်မိုးရည်လေးကို ၀ိုင်းကြည့်ပေးဖို့ပါ။ ဒီနိုင်ငံမှာ အလုပ်ရှာရခက်ပါတယ် အရောင်းစာရေး တို့ Hotel ၀န်ထမ်းတို့က လွဲရင်ပေါ့။ ဒီလိုနဲ့ အချိန်တွေသာကုန်သွားတယ် စိတ်ကြိုက်အလုပ်မရခဲ့ပါဘူး။ ကျမကိုက သမီးနဲ့မခွဲနိုင်လို့ ထိထိရောက်ရောက်ကို မရှာတာပါပါတယ်။ သမီးနဲ့ခွဲရမယ်လို့ တွေးလိုက်တာနဲ့ကို ကျမ အရမ်းခံစားရပါတယ်။ ကျမတကယ်ကို ပျော့ညံ့ခဲ့ပါတယ်။ ကျမမိဘတွေကရော သမီးတို့အဖေကပါ ကျမကို အလုပ်လုပ်စေချင်ပါတယ်။ ကျမကိုယ်တိုင်လဲ သမီးလေးမရခင် အချိန်တွေတုန်းကထိကို အလုပ်မရှိရင် ငါနေတတ်မှာ မဟုတ်ဘူးလို့ အမြဲပြောခဲ့သူပါ။ ဒါပေမယ့် သမီးမျက်နှာလေးကို စမြင်ပြီးတဲ့အချိန်ကစပြီး ခဏလေးဖြစ်ဖြစ် သမီးနဲ့ ခွဲရမှာကို ကျမ သိပ်ကြောက်ခဲ့ပါတယ်။ ဒီလိုနဲ့ သမီးအတွက်ပဲ အမြဲစဉ်းစားတတ်တဲ့ ကျမက သမီးကိုကြည့်ပြီ တယောက်တည်း အဖော်မဲ့နေရှာတယ် ကလေးနောက်တစ်ယောက်လောက် ယူရင်ကောင်းမယ်လို့ အမျိုးသားနဲ့တိုင်ပင်ပြီး နောက်ကိုယ်ဝန်ဆောင်ခဲ့သလို ကျမလဲ အလုပ်နဲ့ဝေးခဲ့ရပါတယ်။  ကျမအမေကတော့ မြေး၁ယောက်ကနေ ၂ယောက်ဖြစ်သွားတော့ ပိုချစ်ရတာပေါ့ (ပိုမျက်စေ့နောက် တာပေါ့)။

နောက်ကိုယ်ဝန်ရပြီး သိပ်မကြာပါဘူး အမျိုးသားအလုပ်က စင်္ကာပူပြန်ပြောင်းရမယ်လို့ကြားရပြန်တယ်။ ဒီလိုနဲ့ ကဲ ရန်ကုန်ပြန်မွေးမယ် ဆိုပြီ အထုပ်ပြင် ပြီး ကျမတို့သားအမိတွေ ပြန်ခဲ့ကြတယ်။ အမျိုးသားကတော့ စာချုပ်မပြည့်သေးတော့ ကျမတို့ကို လိုက်ပို့ပြီး ယူအေအီးကို ပြန်သွားခဲ့တယ်။ နောက်ပိုင်း အမျိုသားက နောက်တစ်နှစ်ဆက်နေရမယ် ဖြစ်ပြန်တော့ ကိုယ်ဝန် အရင့်အမာကြီးနဲ့ ရန်ကုန်နေ ယူအေအီးကို တခေါက်ပြန်ရောက်ခဲ့ရပြန်တယ်။ သွန်ဆင့်လေးရဲ့ကံပေါ့ သူဒီနိုင့်ငံမှာမွေးဖို့ ကံပါလာတယ် ထင်ပါတယ်။ ခုသွန်ဆင့်လေး ၆ လပြည့်ပြီးလို့ ၇ လထဲတောင်ရောက်နေပါပြီ။

ကျမဆုတောင်းပြည့်ခဲ့ပါတယ် ယူအေအီးကို စရောက်ပြီး ခုချိန်အထိမိသားစု တူတူရှိခဲ့ကြတယ်လေ။ နောက်လဲ တူတူရှိဖို့ အမြဲဆုတောင်းနေမိပါတယ်။ ကျမတို့ အိမ်ထောင်သက်တမ်း ၈ နှစ်ပြည့်အဖြစ် အမှတ်တရ ဒီ Post လေးကိုရေးလိုက်ရပါတယ်။ နောက် နှစ်တွေ မှာလဲ  ဒုက္ခတွေကို အတူရင်ဆိုင်ရင်း၊ သုခတွေကို အတူမျှဝေခံစားရင်း ကျမတို့ မိသားစုလေး အမြဲအတူရှိနေနိုင်ပါစေလို့ ဆုတောင်းရင်း.....

အားလုံးပဲ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံတဲ့ နှစ်သစ်ဖြစ်ပါစေလို့ ဒီနေရာလေးကနေ ဆုတောင်းပေး လိုက်ပါတယ်.........