Thursday, October 20, 2011

နာမည် ဒီလိုပေးခဲ့တယ်

ကျွန်မမှာ ရေးစရာ ကုန်ကြမ်းက သိပ်မရှိပါဘူး။ ဒီသမီးလေး ၂ ယောက် အကြောင်းပဲ ရှိပါတယ်။ ကျွန်မ ဘ၀ ရဲ့ ရာခိုင်းနှုန်း အားလုံးနီးပါးကို သူတို့ကိုပဲ ပေးထားတယ်လေ။ ကျွန်မရဲ့နာမည်ကို ကျွန်မရဲ့ အဖေက ပေးခဲ့တာပါ။ ဖေကြီးက ဗေဒင် ပညာနဲနဲတတ်တော့ သူ့ဘာသာပဲ တွက်ချက်ပြီး ပေးပါတယ်။ ကျွန်မက ၁၉ ရက်နေ့မွေးတော့ ၁ ဂဏန်း စနေသမီးပေါ့။ ၁ ဂဏန်းဆိုတော့ ကျွန်မနာမည်က အင်္ဂလိပ် စာလုံးတွေ အားလုံးပေါင်းလိုက်ရင် ၁ ရအောင် ပေးထားပါတယ်။

အခု သူ့ရဲ့ မြေးဦးလေး ရလာတော့လဲ သူကိုယ်တိုင်ပဲ နာမည်ပေးပါတယ်။ ဗုဒ္ဓဟူးသမီး ၁၄ ရက်နေ့မွေးတော့ ၅ဂဏန်းဖြစ်လို့ သမီးရဲ့နာမည်ကို  ပေါင်းရင် ၅ ဂဏန်းရအောင်ပါ ပေးထားပါတယ်။ သမီးကြီးကို နာမည်ပေးတာ ၁ ခုထဲတော့ မဟုတ်ပါဘူး ကျွန်မတို့ ရွေးလို့ ရအောင် နာမည် ၁၀ လုံးကျော်ပါတယ်။ ရွှေစင်မိုးရည် လှိုင်းထက်မိုးရည် ရှင်မိုးရည် နဲ့တခြား နာမည်တွေပါ။ သမီးရဲ့အဖေက ရွှေစင်မိုးရည်ကို ကြိုက်ပါတယ်။ ကျွန်မကတော့ ရွှေတို့ ငွေတို့ ပါတာ မကြိုက်တာနဲ့ ရှင်မိုးရည်ပဲ ကြိုက်တယ်ဆိုတော့ သူက မိုးရည် ပါရင် ပြီးရော ကြိုက်တာပေးဆိုတာနဲ့ ကျွန်မက ရှင်မိုးရည်ပဲ ရွေးလိုက်တော့ ခုသမီးကြီးနာမည်က ရှင်မိုးရည်လို့ တွင်သွားတာပေါ့။ ရှင်မိုးရည်ရဲ့ ဦးလေးက တော့ ဒီနာမည်ကို မကြိုက်ပါဘူးနော် စာရေးဆရာမ နာမည်နဲ့ တူလို့တဲ့လေ။ ဒါကတော့ ရှင်မိုးရည်ဆိုတဲ့ နာမည်လေး ဖြစ်တည်လာပုံပါ။

နောက် သွန်းဆင့်မိုးရည် ဆိုတဲ့ နာမည်လေး ဖြစ်တာပုံကတော့။ သမီးကြီး ရှင်မိုးရည်ကို မြန်မာနိုင်ငံမှာပဲ မွေးတာမို့ နာမည်ကို အေးအေးဆေးဆေး အချိန်ယူပြီး ပေးလို့ရပါတယ်နော်။ သမီးငယ်လေးကိုတော့ UAE မှာမွေးမှာမို့။ နာမည်ကို မွေးပြီး ဆေးရုံမဆင်းခင် ပေးမှ အဆင်ပြေမှာမို့ မမွေးခင် တလလောက် အလိုထဲက နာမည်ပေးဖို့ စဉ်းစားရပါတယ်။ ကျွန်မရဲ့ အဖေကလဲ မျက်လုံး ခွဲထားတာ မကြာသေးတာမို့ သူ့ရဲ့ ဒုတိယ မြေးမလေးရဲ့ နာမည်ကို ပေးပေးဖို့ မပြောတော့ပါဘူး။ ဒါနဲ့ ကျွန်မတို့ ငယ်ငယ်ထဲက ကိုးကွယ်ခဲ့တဲ့ ဦးဇင်းကိုပဲ အကူအညီတောင်းရပါတယ်။ ကျွန်မက ရိုးရိုးမွေးဖို့ပဲ ပြောထားတော့ သမီးလေးကို ဘယ်နေ့မှာမွေးမယ်ဆိုတာ ကြိုမသိနိုင်ပါဘူး။ ဒါကြောင့် ဦးဇင်းကို ၇ရက်စာ နာမည်တွက်ပေးဖို့ လျောက်ရပါတယ်။ ဦးဇင်းကလဲ တွက်ပေးပါတယ်။ တနင်္ဂနွေဆို ဥပမာ အေးသီတာ ဆိုရင် (တနင်္ဂနွေ + သောကြာ + စနေ) အဲ့လို ကိုယ်ကြိုက်သလို ပြန်တွဲနိုင်တယ်လို့ ပြောပါတယ်။ ကျွန်မ ဂျီးများတာ ဦးဇင်းက သိလို့လေ အဲ့လိုမျိုး ၇ရက်စာ တွက်ပေးလိုက်ပါတယ်။ ဦးဇင်းပေးတဲ့ နာမည်တွေကို မကြိုက်လို့ ပြန်တွဲပါတယ် အဲ့ဒီနေ့နံတွေ အတိုင်းပါ။ သမီးတို့ အဖေကို တွဲခိုင်းတော့လဲ မလုပ်ပေးပါဘူး။ ဒါနဲ့ ကိုယ့်စိတ်နဲ့ ကိုယ့်ကိုပဲ ရသလောက် နာမည်တွေ ၇ရက်စာ ချရေးပါတယ်။ ဒါလဲ မကြိုက်သေးပါဘူး။

ဒါနဲ့ delivery date ရောက်တဲ့ထိ ဗိုက်မနာတဲ့ အတွက် ခွဲမွေးရတော့မှာမို့ ခွဲမဲ့ရက်ကို ကျွန်မ OG က ၂၈.၆.၂၀၁၁ အင်္ဂါနေ့ ပေးပြီး ၂၅.၆.၂၀၁၁ မှာ CTG ရိုက်ဖို့ ပြောပါတယ်။ ဒါဆိုရင်တော့ အင်္ဂါနေ့ သေချာသလောက်ဖြစ်ပြီဆိုတော့ အင်္ဂါနေ့ ကနာမည်တွေကို ပြန်ကြည့်တော့ မိုးရည် ပါအောင်တွဲလို့မရပါဘူး။ ကျွန်မတို့ အားလုံးက ညီအမနှစ်ယောက်ကို မိုးရည်ဆိုတာလေး ပါအောင်ပေးချင်တာပါ။ ဒါကြောင့် ဦးဇင်းကို ဖုန်းဆက်ပြီး ၂၈ ရက်နေ့ အင်္ဂါနေ့ မွေးဖြစ်မယ့်အကြောင်း မိုးရည် ဆိုတဲ့ နာမည်ပါချင်တဲ့အကြောင်း အရင်ပေးထားတာ မကြိုက်ကြောင်း ဂျေးများပါတယ်။ ဦးဇင်းကလဲ အသစ်တွက်ပေးမယ် မနက်ဖြန် ပြန်ဆက်ခိုင်းပါတယ်။ နောက်နေ့ ပြန်ဆက်တော့ အတွဲ အသစ်နဲ့ နာမည်တွေ ထပ်ပေးပါတယ်။ ကျွန်မက ပေးပြီး သမီးတို့ အဖေကို ရွေးခိုင်းတော့ ဇွန်မိုးရည်ထက် ဆိုတဲ့ နာမည်လေး ရပါတယ်။ ရလာတဲ့ နာမည်လေးကိုလဲ ၂၈ရက်နေ့ မွေးမှာမို့ ၁ ဂဏန်းရအောင် ပေါင်းပေးဖို့ ကျမ အဖေကို ပူဆာပြန်တာပေါ့။ ဖေကြီးကလဲ ဒီနာမည်လေးကို ကြိုက်ပါတယ်။

အဲ ၂၅ ရက်နေ့မှာ CTG လဲရိုက်ပြီးရော ကလေးအခြေအနေအရ ၂၇.၀၆.၂၀၁၁ တနင်္လာနေ့ မှာခွဲဖို့ စာရွက်ပေးပါတယ်။ ဒါကြောင့် ၂၈ ရက်နေ့ အင်္ဂါနေ့ အတွက်ပေးထားတဲ့ ဇွန်မိုးရည်ထက် ဆိုတဲ့နာမည်လေးကို ပေးလို့ မရတော့ပြန်ဘူး။ ဦးဇင်းကို ဖုန်းဆက်ပြီး တပည့်တော် ဒီတခါတော့ တနင်္လာနေ့ မွေးမှာသေချာပါတယ် ပြန်တွက်ပေးပါဆိုပြီး လျောက်ရပြန်ပါတယ်။ ဦးဇင်းကလဲ ဘယ်အချိန်မွေးမှာလဲ မေးပြီး ပြန်တွဲပေးပါတယ်။ ဒီတခါတော့ ၂တွဲတွဲပေးတာ။ ၂ တွဲမှာမှ ၁တွဲပဲ မိုးရည်တွဲလို့ ရတာဆိုတော့ မိုးရည်ပါတဲ့ အတွဲနဲ့ပဲ တွဲပါတယ်။ သူ့အဖေကို ရွေးခိုင်းတော့လဲ မကြိုက် သူတွဲတော့လဲ မကြိုက်နဲ့ မွေးမဲ့မနက်ရောက်တဲ့ အထိပါပဲ။ ကျမလဲ ခွဲခန်းထဲ ၀င်ခါနီး သျှင်စောမိုးရည်၊ သွန်းဆင့်မိုးရည်၊ ဟန်ဆုမိုးရည် ဆိုပြီးချရေးလိုက်ပြီး သမီးတို့ အဖေကို ကျမခွဲခန်းထဲက ပြန်မထွက်လာခင် တခုရွေးထားပေးဆိုပြီး ပြောခဲ့ပါတယ်။ တကယ်လို့ ကျမ ပြန်မလာနိုင်ခဲ့ရင်လဲ ကျမ သမီးလေးအတွက် နာမည်လေး ပေးခဲ့နိုင်အောင်လို့ပါ။

ဒီလိုနဲ့ သွန်းဆင့်မိုးရည်ဆိုတဲ့ နာမည်လေးကို ရွေးဖြစ်သွားတာပေါ့နော်။ ရွေးပြီးသွားတော့ ကျမအဖေကို ၂၇ ရက်နေ့မွေးတာဆိုတော့ ၉ ဂဏန်းရအောင် ပေါင်းပေးပါဆိုတော့ ပေါင်းလို့မရဘူးဖြစ်နေပါတယ်။ ဖေကြီးကလဲ သွန်းဆင့်မိုးရည်ဆိုတဲ့ နာမည်ကို မကြိုက်ပါဘူး။ ဇွန်မိုးရည်ထက်ပဲ ကြိုက်တယ်တဲ့။ ဒါပေမယ့် အဲ့ဒါ အင်္ဂါနေ့မွေးမှ ပေးလို့ရတာမို့ သွန်းဆင့်မိုးရည်ပဲ ပေးလိုက်ပါတော့တယ်။ မိုးရည် ဆိုတဲ့နာမည်လေးက သမီးတို့ အဖေ နာမည် 'မိုး' နဲ့ ကျမနာမည် 'ရည်' ပေါင်းလို့ မိုးရည်ဖြစ်တဲ့ အပြင် အဓိပ္ပါယ်ကိုလဲ ကြိုက်လို့ပါ။ ကျမတို့ ၂ယောက်လုံးက မိုးရာသီကို ကြိုက်တော့ မိုးရည်ဆိုတဲ့ နာမည်လေးကို အရမ်းနှစ်သက်တာပါ။ ဒါကြောင့် သမီးတို့ နာမည်မှာ မိုးရည်ဆိုတာလေး ပါစေချင်တာပါနော်။

မိဘတိုင်းကတော့ ကိုယ့်သားသမီးတွေရဲ့ နာမည်လေးကို ကောင်းအောင် လှအောင် ပေးကြတာပါပဲနော်။ သမီးတို့ရေ သမီးတို့ကို ပေးတဲ့ နာမည်လေးတွေကို လှသထက်လှအောင် သမီးတို့ စိတ်ထားလေးတွေကို လှအောင်နေပါနော်။ နာမည်လှဖို့က မိမိရဲ့ အပြုအမူ အပြောအဆိုနဲ့ စိတ်ထားကောင်းလေးတွေ ရှိမှ ဒီနာမည်လေး တသက်လုံး လှနိုင်မှာပေါ့။ ဒါကြောင့် သမီးတို့ နာမည်လေးတွေကို လှသထက်လှ ကောင်းသထက်ကောင်းအောင် ထိန်းသိမ်းကြပါနော်။ မိမိကိုယ်ကိုလဲ အမြဲတမ်း တန်ဖိုးရှိအောင် နေကြပါလို့ မေကြီးမှာချင်ပါတယ်။

နာမည်ပေါင်းနည်း

NAW NAW YE MON
  516   516    15  475
   12     12       6    16
     3       3        6     7 = 19 = 1

စိတ်ဝင်စားတဲ့သူများလဲ မိမိနာမည်ပေါင်းရင် ဘာဂဏန်းရမလဲဆိုတာ သိချင်ရင် ပေါင်းနိုင်အောင် အက္ခရာတွေကို ဇယားလေးနဲ့ ပြပေးထားပါတယ်နော်။


ဂဏန်း အက်ခရာ
1 A ; I;  J; Q; Y
2 B;  R;  K
3 C;  G;  S;  L
4 D;  M;  T
5 E;  X;  N;  H
6 U;  V;  W
7 O;  Z
8 F;  P

2 comments:

rose said...

You are a great mother, Ma Yee Mon. Your daughters' names are beautiful and they are so cute. Keep blogging! Great blog which is about a mother's love and devotion to her family :))

nnym said...

အားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် ညီမလေး Rose ရေ :)