Sunday, October 16, 2011

သမီးငယ်လေး သွန်းဆင့်မိုးရည်ကို ကိုယ်ဝန်ဆောင်စဉ် မှတ်တမ်း

သမီးငယ်လေးကို ကိုယ်ဝန်ရှိတဲ့အချိန်က ကျမတို့ UAE မှာရောက်နေတာပါနော်။ ကိုယ်ဝန်ရှိပြီဆိုတာ သိတာနဲ့ ဆေးရုံသွားပြပါတယ်။ Life line hospital မှာပေါ့။ Appointment မရှိတော့ စောင့်လိုက်ရတာ ၃ နာရီ ၄နာရီ ပဲ။ သမီးကြီးရှင်မိုးရည်ကလဲ ဂျီတွေကျတာပေါ့ စောင့်ရတာကြာတော့။ နောက်ဆုံး ကိုယ့်အလှည့်ရောက်တော့ ဘယ်နေ့က နောက်ဆုံး ရာသီပေါ်ခဲ့လဲမေးတာကို ကျမကလဲ ရက်အတိအကျမမှတ်မိတော့ September first week လို့ပဲ ပြောတာကို ဆရာဝန်မက စိတ်မရှည်တဲ့ပုံနဲ့ ဘာမှ ထပ်မပြောပဲ နောက် ၂ ပတ်နေ Ultrasound ရိုက်ဖို့ ပြောပြီး ပြန်ခိုင်းပါတယ်။ ကျွန်မက အစထဲက အားငယ်တတ်သူဆိုတော့ တော်တော် စိတ်ကသိကအောက် ဖြစ်ရပါတယ်။

ဒါနဲ့ပဲ အသိအမကြီးတယောက်က သူ့သူငယ်ချင်းတယောက် Al Noor Hospital မှာ ပြတဲ့ဆရာမ ကောင်းတယ်ဆိုတာနဲ့ အဲ့ဒီဆရာမနဲ့ ပြဖြစ်ပါတယ်။ ဆရာမက သဘောကောင်းပါတယ်။ ရောက်တာနဲ့ ပထမဆရာမ အတိုင်းမေးပြီး Ultrasound တခါထဲရိုက်ပါတယ်။ Delivery Date က 24.06.2011 ဖြစ်ကြောင်း ကိုယ်ဝန် ၇ပတ်ရှိပြီဆိုတဲ့အကြောင်း ကလေး နုလုံးကောင်းကောင်းခုန်ကြောင်း ပြောပြီး ပထမအကြိမ် ကိုယ်ဝန်ဆောင်တာလား မေးပါတယ်။ ဒုတိယအကြိမ်ဖြစ်ကြောင်းပြောတော့ ရိုးရိုးလား ခွဲမွေးတာလား မေးပါတယ်။ ခွဲမွေးကြောင်းပြောတော့ ဘာကြောင့်ခွဲတာလဲ ဆိုပြီး အရင်က ရာဇ၀င်တွေ အားလုံး ပြောပြရပါတယ်။ ဖောလစ်အက်ဆစ်ပေးပြီး တလနေ ပြန်လာဖို့အကြောင်းမှာပြီး ဆီးတွေ သွေးတွေ စစ်ခိုင်းပါတယ်။ ဒီဆရာမနဲ့မှပဲ စိတ်ချမ်းသာရတော့တယ်။

ကိုယ်ဝန်ရှိပြီး မကြာပါဘူး အမျိုးသားအလုပ်က စင်ကာပူ ပြောင်းရမယ်ဆိုတာနဲ့ ရန်ကုန်ပြန်မွေးဖို့စဉ်းစားရပြန်ရော။ ဒီမှာ ရှိနေတဲ့ တလျောက်တော့ Al Noor ကဆရာမ Dr Chirin နဲ့ပဲ ပြဖြစ်ပါတယ်။ ဒီမှာက အမျိုးသားအလုပ်က Health Insurance Card ရှိတော့ ဆေးခန်းပြတာကနေ မီးဖွားတဲ့ထိက စရိတ်ငြိမ်းပါတယ်။ ပထမသမီးလေးတုန်းက ရန်ကုန်မှာ ၇လနေမှ ယောင်္ကျားလေးလား မိန်းကလေးလားသိရအောင် Ultrasound ရိုက်ရပါတယ်။ ဒီမှာတော့ ဆရာဝန်နဲ့သွားပြတိုင်း ရိုက်ရပါတယ်။ ကိုယ်ဝန် ၁၆ပတ် ဆို ယောင်္ကျားလေးလား မိန်းကလေးလား သိရပါပြီ။ အမျိုးသားကတော့ ယောင်္ကျားလေးလိုချင်တာပေါ့နော်။ ဒါပေမယ့်လဲ ဆုတောင်းမပြည့်ပါဘူး။ ကျွန်မကတော့ ဘာလေးပဲရရ ကျေနပ်ပါတယ်။ လောကကြီးမှာ ကိုယ့်သွေးသား တယောက်တည်းမထားခဲ့ချင်ဘူးလေ။ ၂ ယောက်လောက်ဆို တိုင်တိုင်ပင်ပင်နဲ့ နေလို့လဲရတယ် ငါ့ညီမ ငါ့အမရှိတယ်ဆိုပြီးလဲ အားရှိတာပေါ့။ ကိုယ်ဝန်အပတ်၂၀ဆို ကလေးကိုယ်လက်အင်္ဂါစုံမစုံ နဲ့ ဥာဏ်ရည်မှီမမှီကို အဲ့ဒါ Fetal Anomaly Scan နဲ့ရိုက်ကြည့်ရင် သိရပါတယ်။ သမီးလေးကို ရိုက်တုန်းက သမီးလေးက လက်လေးတဖက်ကို ခေါင်းအုံးပြီးအိပ်နေတာ ချစ်စရာလေး အားလုံးလဲ ပြည့်စုံကြောင်းစောစောသိရတာပေါ့နော်။ မွေးတဲ့အချိန်မှာမှငါ့ကလေးလေး ကိုလက်အင်္ဂါစုံရဲ့လားလို့ စိတ်ပူစရာမလိုတော့ဘူးပေါ့။

ဒီလိုနဲ့ ရန်ကုန်ကို March လ သမီးလေး ကိုယ်ဝန် ၆လမှာ ပြန်ဖြစ်ပါတယ်။ ရန်ကုန်ကို အမျိုးသားကလိုက်ပို့တာဆိုတော့ သူရန်ကုန်ကပြန်မဲ့အချိန် သမီးကြီး ရှင်မိုးရည်လေးအတွက်တွေးပြီး စိတ်မကောင်းဖြစ်ရပါတယ်။ တကယ်တမ်းပြန်တော့လဲ သမီးကငိုပါတယ်။ တကယ် စိတ်မကောင်းဖြစ်ခဲ့ရတဲ့ အချိန်တွေပါ။ သမီးလေး စိတ်ထိခိုက်မှာ စိုးရိမ်ပေမယ့် သမီးလေးက ရန်ကုန်မှာ ပျော်ပါတယ်။ နွေရာသီ ကျောင်းလဲတက်ရ ပိတ်ရက်ဆိုလဲ အဘွားအိမ်သွားဆိုတော့ ပျင်းရတယ်ကို မရှိပါဘူး။ ကျွန်မတို့က အမျိုးတွေက တရပ်ကွက်ထဲနေကြတာဆိုတော့ ပျော်စရာကြီးပေါ့။ ဖြစ်နိုင်ရင် ဆွေတွေမျိုးတွေနဲ့ ကိုယ့်နိုင်ငံမှာပဲ သမီးလေးကို နေစေချင်တာပါ။ ဒါပေမယ့်လဲ ဘ၀ပေး အခြေအနေအရပေါ့နော်။

ရန်ကုန်ရောက်တော့ ရွှေလမင်းအထူးကုဆေးရုံက ဒေါက်တာ မြသီတာနဲ့ ပြဖြစ်ပါတယ်။ ဟိုမှာ ကိုယ်ဝန်ပြတာ တပြားမှ မကုန်ပေမယ့် ရန်ကုန်မှာတော့ ဆရာဝန်ကြည့်ခကြီးပဲကို ၅၀၀၀ကျပ် ပေးရပါတယ်နော်။ ဆီးစစ်သွေးစစ် ဆေးဝယ်မပါသေးပါဘူး။ ဒါတောင် နာမည်ကြီး ဆေးရုံတွေမှာ သွားပြတာ မဟုတ်ပါဘူးနော်။

သင်္ကြန်ရက်တွေကတော့ တကယ်ပျင်းစရာကောင်းပါတယ်။ ကိုယ့်အိမ်မှာပဲ ကိုယ်နေတော့ ပျင်းတာပေါ့နော်။ အဘွားအိမ်မှာဆို လူမပြတ်တော့ မပျင်းရဘူး။ ဒါပေမယ့် အိမ်မှာက အဖေတယောက်တည်း ပျင်းမှာစိုးလို့ အဘွားအိမ်မှာ မနေဖြစ်ဘူး အရင်ကဆို အဘွားအိမ်ပဲ သွားသွားနေတာ။ အဘွားအိမ်မှာသာနေရင် သမီးလေးအရမ်းပျော်ရမှာပဲ။ ဒီသင်္ကြန်ရက်တွင်းမှာပဲ အမျိုးသားက စင်ကာပူမပြောင်းရသေးပဲ Abu Dhabi, UAE. မှာပဲ Contract ထပ်တိုးဖြစ်ပါတယ်။ သူက ပြန်လာခဲ့ပါလို့ခေါ်တော့ မလာချင်တော့တဲ့အကြောင်း ဒီမှာပဲ မွေးတော့မယ်ပေါ့ ဒီမှာက ကိုယ့်နိုင်ငံ မိဘဆွေမျိုးသားချင်းတွေ နဲ့ ဆိုတော့ အားရှိတာပေါ့။ ဒါပေမယ့် သိပ်မကြာပါဘူး တရက်လား နှစ်ရက်လား သင်္ကြန်တွင်းမှာ နေရတာ ပျင်းလာတာနဲ့ ငါပြန်လာရင် ကောင်းမလားပေါ့ အမျိုးသာကို ပြောတော့ သူကလဲ လာစေချင်နေတာဆိုတော့ ပြန်လာမယ်ပေါ့ဆိုပြီးဖြစ်ပြန်ရော။ သင်္ကြန်တွင်းကြီးမှာ လေယာဉ်လက်မှတ်ကလဲ ချက်ချင်းဝယ်မရ ကိုယ်ဝန်ကလဲ လကရင့်နေပြီ။ လုပ်ချင်ရင် ဖြစ်အောင်လုပ်တတ်တော့ နှစ်ဆန်း၂ရက်နေ့ ရောက်တာနဲ့ လေယာဉ်လက်မှတ် သွားဝယ်တာပဲ။ အမျိုးသားက လာကြိုမှာဆိုတော့ ရက်လဲကိုက်အောင် လေကြောင်းလိုင်းလဲ တူအောင် မနည်းဝယ်လိုက်ရတယ်။ ရက်နဲ့လက်မှတ်ရပြန်တော့ ကိုယ်ဝန်ဆောင်ဆို ၇လကျော်ရင်လက်မခံဘူးဖြစ်ပြန်ရော။ ဒါဆို သူတို့ဆိုဒ်ထဲမှာ ၃၆ပတ်ထိ စီးလို့ရတယ်လို့ရေးထားပြီး ကိုယ်ကလေယာဉ်စီးမယ့်အချိန်မှာ ၃၂ပတ်ကျော်ကျော်ပဲ ရှိသေးတာကို လက်မခံဘူးဆိုတော့ ဘာလုပ်ရမှန်းကို မသိတော့ဘူး။ အဲလိုင်းက မလေးလိုင်း မလေး transit ၀ယ်တဲ့ agent ကို ဆိုဒ်ထဲမှာရေးထားတဲ့စာ print ထုတ်ပြီးပြတော့ သူတို့ airline ကိုမေးပေးမယ် မနက်ဖြန်မှ တခါထပ်လာချိန်းနဲ့နောက်ဆုံးတော့ ကိုယ်ပြတဲ့ ဆရာဝန်ရဲ့ ထောက်ခံစာယူသွားပါဆိုပြီး ပြီးသွားတယ်။

တကယ်တန်းသွားတဲ့ ရက်ကြတော့ ကိုယ့်ဆရာဝန်ထောက်ခံစာနဲ့ မရဘူးဖြစ်ရော။ သူတို့ airways က ဆရာဝန်လက်မှတ်ပါမှတဲ့ ဒါဆို လက်မှတ်ရောင်းထဲက ဘာလို့မပြောလဲပေါ့။ အဲ့ဒါနဲ့ လေယာဉ်ပေါ်မတက်ရပဲ အိမ်ပဲ ပြန်ရတော့မလိုလိုနဲ့ လေဆိပ်ထဲမှာ တော်တော်လေး စိတ်ညစ်လိုက်ရသေး။ သမီးကြီးကလဲ သူ့အဘွားမပါလို့ဆို ငိုနေတာ တချိန်လုံး။ အဲ့ဒါနဲ့ ငါတို့က ဟိုမှာမွေးမှာ ဟိုမှာလဲ ကိုယ်ဝန်ကအပ်ထားပြီးသား ဘယ်လိုလုပ်ရမလဲပေါ့ဆိုတော့ မှ သူက အလည်သွားမှာထင်လို့တဲ့။ သေရော အစထဲကမေးပါလားကိုယ့်မှာတော့ အလုံးစီစဉ်ပြီးမှ ဘာလုပ်လို့လုပ်ရမှန်းမသိ လှည့်ပြန်ရမလို။ Passport ကလဲ သူတို့လက်ထဲမှာ Visa ကိုကြည့်ပါလား.... မကြည့်ပဲ မရဘူးပဲဇွတ်ပြောနေတယ်။ ဒါတောင်မပြီးသေးဘူး ဟိုမှာ ဆေးခန်းပြထားတဲ့ စာရွက်စာတမ်းတွေပြ ကိုယ့်ဘာသာတာဝန်ယူကြောင်း လက်မှတ်ထိုးနဲ့ တော်တော်လေး အလုပ်ရှုပ်လိုက်ရသေးတယ်။ ဘယ်လောက်ထိလဲ ဆိုတော့ ဆရာမကို လက်ဆောင်ပေးဖို့ ယူသွားတဲ့ ကျောက်ပန်ချီကားတောင် လေဆိပ်ထဲ ကျန်ခဲ့တာ။

မလေးလေဆိပ်မှာ ဟိုကြည့်ဒီကြည့် နေ့လည်စာ ညနေစာ စားပြီးအချိန်ဖြုန်း။ လေဆိပ်ထဲမှာ ကဒ်ထဲ့ပြီးပြောတဲ့ဖုန်းတွေ တွေ့တော့ မမရှင်တို့က မီးမီးဖုန်းပြောမယ်တဲ့။ ဘယ်သူနဲ့ ပြောမှာလဲဆိုတော့ ဖီးဖီးနဲ့ ဦးဦးချမ်းဇော်နဲ့တဲ့။ စိတ်ပြောင်းအောင်လုပ်လို့လဲမရဘူး။ ပြောမယ်ဆိုတာနဲ့ ပြောခိုင်းရသေးတယ်။ ဒီလိုနဲ့ပဲ အဘူဒါဘီကို ရောက်လာတယ်ဆိုပါတော့။ ဆေးရုံကိုတော့ ရောက်ပြီး နောက်နေ့သွားပြီး ဆရာမကို ဒီမှာ ပြန်လာမွေးဖြစ်ကြောင်း ပြောပြရတာပေါ့။ ကိုယ်ဝန်က ရင့်လာတော့ ၃ပတ်ချိန်းတယ်။ ကလေးကလဲ ပုံမှန်ပဲ အားလုံးကောင်းတယ်ပေါ့။ ဒီလိုနဲ့ ကိုယ်ဝန် ၃၉ ပတ်ထိ ဗိုက်မနာတော့ ဆရာမက အရင်တယောက်ကရော ဗိုက်နာလားမေးပါတယ်။ မနာဘူးလို့ဖြေတော့ ရိုးရိုးမွေးချင်လား ခွဲမေးချင်လားမေးပါတယ်။ ဆရာမ ကောင်းသလိုသာလုပ်ပါပြောတော့ ရက်ရွေးပေးပါတယ်။

 ဆရာမက အရမ်းလူနာများတာကြောင့် ရက်ရွေးတော့လဲ ၂၈.၆.၂၀၁၁ တရက်ပဲ ရပါတယ်။ ၂၅ နဲ့ ၂၇ မှာ CTG ရိုက်ဖို့ပါ စာရွက်ပေးလိုက်ပါတယ်။ ၂၅ ရက်နေ့ CTG ရိုက်တဲ့ အဖြေကို ကြည့်ပြီးတော့ ဆရာမက ၂၇.၆.၂၀၁၁ တနင်္လာနေ့မှာ ခွဲမယ့်အကြောင်းပြောပါတယ်။ မခွဲမှီ ၈နာရီအတွင်း အစားမစား ရေမသောက်ခိုင်းပါဘူး။ ၂၇ မနက် ၇နာရီ ဆေးရုံ အရောက်သွားရမှာဖြစ်ပြီး မနက်၈နာရီမှာခွဲမှာ ဖြစ်ပါတယ်။ အဲ့တော့ ၂၆ ရက်နေ့ ည ၁၂ နာရီထဲက ဘာမှ မစားရပါဘူး။ ၂၇ ရက်နေ့မနက် ၅ နာရီခွဲလောက်ထဲက ထ ရေမိုးချိုး ဘုရားရှိခိုး မေကြီးကို ကန်တော့ပြီး ဆေးရုံသွားပါတယ်။ ၂၇ ရက်နေ့မရောက်ခင်နေ့တွေကတော့ စိတ်တွေ အရမ်းလှုပ်ရှားပါတယ်။ ခွဲမယ့်နေ့မနက်မှာတော့ တော်တော်ကို တည်တည်ငြိမ်ငြိမ် ဖြစ်နေပါပြီ။ မနက်စောစောထ ရေမိုးချိုး ဘုရားရှိခိုး မေကြီးကို ကန်တော့ပြီး ဆေးရုံသွားပါတယ်။ ဆေးရုံရောက်တော့ ၇နာရီထိုးပါပြီ။ Admissions office ကိုအရင်သွား စာရွက်စာတမ်းတွေပြ အဆင်ပြေပြီဆိုမှ လူနာခန်းထဲသွား ခွဲစိတ်ခန်းဝင်ဖို့ ၀တ်စုံလဲ ပုလင်းချိတ် ပြီးတာနဲ့ ဆရာမရောက်လာတာပဲ။ ခွဲခန်းထဲရောက်ပြီး ပြန်ထွက်လာတဲ့ထိပါ အစစအရာရာ အဆင်ပြေခဲ့ပါတယ်။

 သမီးလေး ၈နာရီ ၃၅ မိနစ်အချိန်မှာ လူ့လောကထဲရောက်ပါတယ်။ သမီးကြီးရော သမီးငယ်ရောကို ဗိုက်ခွဲမွေးခဲ့ပေမယ့် ကိုလိုချင်တဲ့ရက်ကို ယူပြီးခွဲခဲ့တာမဟုတ်ပါဘူး။ လိုအပ်လို့ အခြေအနေအရ ခွဲရမယ့်နေ့မှာပဲ ခွဲဖြစ်ခဲ့တာပါ။ ဒါကြောင့် သမီးတို့က ကိုယ့်ကံနဲ့ကိုယ် ကိုလူဖြစ်ရမယ့်အချိန်မှာ လူ့လောကထဲရောက်လာတာပါနော်။

ကျမ ကိုယ်ဝန်စရှိတဲ့ အချိန်ကစပြီး သမီးလေးမွေးတဲ့အချိန်ထိ ဂရုစိုက်ခဲ့ကြသော ဖေကြီးနှင့်မေကြီး မိသားစုဝင်များ ကူညီခဲ့ကြသော သူငယ်ချင်းများ မိတ်ဆွေများ အားလုံးကို ကျေးဇူးအများကြီးထင်ပါတယ်ရှင်......  သမီးလေးနှင့် ကျမကို ကျန်းကျန်းမာမာဖြင့် မွေးဖွားပေးခဲ့သော Dr. Chirin နှင့် ဆေးခန်းသွားတိုင်း လိုက်ပေးသော ကိုယ်ဝန်နှင့်ပတ်သက်လို့ မသိတာရှိလို့မေးရင် စိတ်ရှည်ရှည်နဲ့ ရှင်းပြပေးသော (မှတ်ချက် - ကျမက အလွန်စပ်စုပါသည်) အမကြီး မငယ်ကို အထူးကျေးဇူးတင် ပါတယ်နော်။

Dr. Chirin, Thonn Sint & I

No comments: