Showing posts with label Other. Show all posts
Showing posts with label Other. Show all posts

Sunday, January 1, 2012

8th Anniversary

ဘာလိုလိုနဲ့ ကျမတို့ အိမ်ထောင်ကျတာ ၈ နှစ်တောင် ရှိသွားပါပြီ။ နှစ်ပတ်လည်နေ့လေးကတာ့ နှစ်တနှစ်ရဲ့ ပထမဆုံးရက်မှာ ကျရောက်ပါတယ်။ အမျိုးသားနဲ့ သူငယ်ချင်းဖြစ်တာတော့ ဟိုးလွန်ခဲ့တဲ့ ၁၁နှစ်လောက်ကပါ။ သူငယ်ချင်းတွေကနေ ချစ်သူဖြစ် လက်ထပ်ခဲ့ကြတဲ့ သူတွေပါ။ တကယ်တော့ သူငယ်ချင်းဘ၀တုံးက မြင်တာနဲ့ ရန်ဖြစ်နေကြတဲ့သူတွေပါ။ ရန်ဖြစ်တာတော့ ခုထိပဲ မျက်နှာမြင် ရန်ဖြစ်ပါစေဆိုတဲ့ ဆုနဲ့များ ပြည့်ခဲ့လေသလားမသိဘူး။ တယောက်က ဒါဆို တယောက်က ဟိုဟာပဲ ဆန့်ကျင်ဘက်လေး လုပ်ရမှ ကျေနပ်ကြ နေသာထိုင်သာ ရှိကြပါတယ်။ ကျမသူငယ်ချင်းတွေကတော့ ရန်ဖြစ်တိုင်း အားပေးကြပါတယ် နင်လွန်တယ်တဲ့။

ချစ်သူတွေဖြစ်ပြီး တနှစ်မပြည့်ခင် ၂ လအလိုမှာပဲ လက်ထပ်ဖြစ်ခဲ့ ကြတာပါ။ သူငယ်ချင်းဘ၀ကနေ ချစ်သူဘ၀အထိ အလုပ်ရှိကြပေမယ့် လက်ထပ်တဲ့အချိန်မှာတော့ ၂ယောက်သား အလုပ်လက်မဲ့ပါ။ နှစ်ဘက်မိဘတွေ ကလဲ သာမန်လူတန်းစားတွေပါ။ ဘ၀ကို သုညကနေ စခဲ့ကြပါတယ်။ အိမ်ထောင်ကျတဲ့အရွယ်ကလဲ ငယ်ပါသေးတယ် ကျမအသက် ၂၁ ထဲမှာပေါ့။ အမေ သဘောမတူပဲ ယူခဲ့တယ်။ အဲ့လို လိမ္မာတဲ့ သမီးလေးပါ။ အိမ်ထောင်ပြုတာ စောလားမစောလား ကိုယ်က ကလေး ၂ယောက်ရနေပြီ သူငယ်ချင်းတွေက ခုထိ အပျို(အပျိုကြီး) တွေပေါ့။ ဒီလိုနဲ့ ဘ၀မှာ နေရိပ်တခါ နေပူတခါနဲ့ ဖြတ်သန်းလာခဲ့ပါတယ်။

အိမ်ထောင်ကျပြီး လအနည်းငယ်မှာမှ နှစ်ယောက်သား အလုပ်ပြန်ရကြတယ်။ မနက်သွား ညပြန်နဲ့ ကျမတို့  နှစ်ယောက် ပိတ်ရက်တွေ လောက်ပဲ အေးအေးလူလူနေခဲ့ကြရတယ်။ နှစ်ယောက်အလုပ်လုပ်တာတောင် အိမ်စရိတ်က မလောက်လို့ အဖေက မုန့်ဖိုးပေးနေရပါသေးတယ်။ ဒီလိုနဲ့ ၂ နှစ်ကျော် ၃ နှစ်နီးပါ ရုံးသွားရုံးပြန်နဲ့ ဘ၀ကို အချိန်ကုန်ခဲ့ကြရတယ်။ ၂၀၀၇ သြဂုတ်လ ဟာ ကျမတို့ ဘ၀ကို တထစ်ချိုးခဲ့ရတဲ့ လပါ။ အမျိုးသား သူငယ်ချင်းတွေ စင်္ကာပူမှအဆင်ပြေနေတယ် ကြားတော့ အမျိုးသား ကသူလဲသွားပြီအလုပ်လုပ်ချင်လာတယ်။ လင်မယားဆိုတာ အတူတူနေရတယ်တဲ့ဆိုတဲ့ အဖေပြောတဲ့စကားကို နားမထောင်ပဲ ခွဲနေဖို့ ဆုံးဖြတ်လိုက်ကြတယ်။ စင်္ကာပူမှာ အလုပ်ရရင် ကျမလိုက်သွားမယ်ပေါ့။ နှစ်အနည်းငယ်လောက်အလုပ်လုပ်ပြီး ကိုယ့်နိုင်ငံပြန် အိမ်ပိုင်ယာပိုင်လေးနဲ့ စီးပွားရေးလေးလုပ်ပြီးတူတူ အေးအေးချမ်းချမ်းနေကြမယ်ပေါ့။ ဒီလိုနဲ့ အမျိုးသား စင်္ကာပူသွားပြီးအလုပ်ရှာဖို့ အမေက ငွေထုတ်ပေးတယ်။ အမေသဘောမတူပဲ ယူခဲ့ပေမယ့် မိဘဆိုတာ ဘယ်သားသမီးကိုမှ ပစ်မထားချင်ကြပါဘူး။

စင်္ကာပူသွားပြီး ၁ လကျော်လောက်အကြာမှာ အမျိုးသားအလုပ်ရပါတယ်။ အမျိုးသား စင်္ကာပူသွားဖို့ လုပ်နေတုန်းမှာပဲ ကျမမှာ သမီးကြီးကိုယ်ဝန်လွယ်ထားရတယ်။ အမျိုးသားအလုပ်ရရင် လိုက်သွားမယ် ကျမလဲ အလုပ်သွားလုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက် ပျက်ခဲ့ရတယ်။ အမျိုးသား အလုပ်ရတော့ ကိုယ်ဝန်ကိုပဲ ဂရုစိုက်ဖို့ ပြီးတော့ LCCI ကို ပြီးအောင်တက်ဖို့ နဲ့ တရုတ်စကားလေးသင်ဖို့ဆိုပြီ ကျမကို အလုပ်ကထွက်ခိုင်းပါတယ်။ စင်္ကာပူမှာ PR လျှောက်တာပဲ ဖြစ်ဖြစ် Dependent Visa နဲ့ပဲဖြစ်ဖြစ် သားအမိ နှစ်ယောက်လိုက်သွားဖို့ပါ။ ဒါပေမဲ့ ကံမပါလာခဲ့ပါ။ သမီးကြီးမွေးပြီး ၄ လလောက်အကြာမှာ အမျိုးသား အလုပ်က စင်္ကာပူကနေ ယူအေအီးကို ပြောင်းရမယ်ဆိုတာ ကြီးဖြစ်လာခဲ့ပါတယ်။ ဒီတသက် မိသားစုနဲ့ တူတူနေရပါ့မလားပေါ့။ ဒါနဲ့ မပြောင်းရခင် စင်္ကာပူမှာ အလုပ်လေးရှာကြည့်ဦး ဆိုပြီ ရှာခိုင်းတော့ ၂၀၀၈ ဟာ စင်္ကာပူမှာ အလုပ်ရှားတဲ့နှစ်နဲ့ သွားတိုက်ဆိုင်နေပါတယ်။ ဒါနဲ့ ပဲ ယူအေအီးသွားဖို့ ပိုသေချာသွားခဲ့ပါတယ်။ အမျိုးသား စင်္ကာပူမှာနေခဲ့တဲ့ ၁ နှစ်နဲ့ ၄ လအတွင်းမှာ ကျမတို့နှစ်ယောက် ၂ ခါပဲ ဆုံခဲ့ကြတယ်။ ကျမ ကိုယ်ဝန် ၆ လရှိစဉ်က တခါ စင်္ကာပူကို အလည်အဖြစ်လိုက်သွားတယ်။ အမျိုးသားက သမီးကြီး ရက် ၁၀၀ ပြည့်မှာ တခေါက်ပြန်လာတယ်။

ဒီလိုနဲ့ အမျိုးသား ယူအေအီးကို အလုပ်ပြောင်းပြီး ၄ လလောက်အကြာ သမီးကြီး ၁၀ လလောက်မှာ ကျမတို့တို့ မိသားစု ပြန်ဆုံခဲ့ကြတယ်။ ရောက်ရောက်ချင်း ကျမတို့ သားအမိ တော်တော်အားတင်းပြီးနေခဲ့ရတယ်။ အမျိုးသားအလုပ်သွားတဲ့အချိန်ဆို အိမ်မှာ သားအမိနှစ်ယောက်တည်း။ ရန်ကုန်မှာလို မိဘ ဆွေမျိုးမရှိတော့ ဘယ်လိုမှ မနေနိုင်ခဲ့ဘူး။ ရောက်ခါစဆိုတော့ မြန်မာအသိလဲမရှိပါဘူး။ ကလေးကိုလဲ တော်တော်သနားမိတယ်။ ဒါပေမဲ့ ကျမသမီးလေးကို မိဆုံ ဖဆုံနဲ့ မိသားစု အတူတူနေစေချင်တာ ကျမရဲ့အဖြစ်ချင်ဆုံး ဆန္ဒပါ။

လအနည်းငယ်လောက်ကြာလာတော့ နေသားကျလာခဲ့တယ်။ မြန်မာအသိလေးတွေလဲ ရလာတော့ နေရတာ နည်းနည်းအဆင်ပြေလာတယ်လို့ ခံစားမိတယ်။ ယူအေအီးမှာ ၉ လလောက်နေပြီး ရန်ကုန် ၁ လအလည်ပြန်တုန်း ကျမအမေကို ခေါ်လာခဲ့ပါတယ်။ အဓိကကတော့ ကျမ အလုပ်ရှာရင် ရှင်မိုးရည်လေးကို ၀ိုင်းကြည့်ပေးဖို့ပါ။ ဒီနိုင်ငံမှာ အလုပ်ရှာရခက်ပါတယ် အရောင်းစာရေး တို့ Hotel ၀န်ထမ်းတို့က လွဲရင်ပေါ့။ ဒီလိုနဲ့ အချိန်တွေသာကုန်သွားတယ် စိတ်ကြိုက်အလုပ်မရခဲ့ပါဘူး။ ကျမကိုက သမီးနဲ့မခွဲနိုင်လို့ ထိထိရောက်ရောက်ကို မရှာတာပါပါတယ်။ သမီးနဲ့ခွဲရမယ်လို့ တွေးလိုက်တာနဲ့ကို ကျမ အရမ်းခံစားရပါတယ်။ ကျမတကယ်ကို ပျော့ညံ့ခဲ့ပါတယ်။ ကျမမိဘတွေကရော သမီးတို့အဖေကပါ ကျမကို အလုပ်လုပ်စေချင်ပါတယ်။ ကျမကိုယ်တိုင်လဲ သမီးလေးမရခင် အချိန်တွေတုန်းကထိကို အလုပ်မရှိရင် ငါနေတတ်မှာ မဟုတ်ဘူးလို့ အမြဲပြောခဲ့သူပါ။ ဒါပေမယ့် သမီးမျက်နှာလေးကို စမြင်ပြီးတဲ့အချိန်ကစပြီး ခဏလေးဖြစ်ဖြစ် သမီးနဲ့ ခွဲရမှာကို ကျမ သိပ်ကြောက်ခဲ့ပါတယ်။ ဒီလိုနဲ့ သမီးအတွက်ပဲ အမြဲစဉ်းစားတတ်တဲ့ ကျမက သမီးကိုကြည့်ပြီ တယောက်တည်း အဖော်မဲ့နေရှာတယ် ကလေးနောက်တစ်ယောက်လောက် ယူရင်ကောင်းမယ်လို့ အမျိုးသားနဲ့တိုင်ပင်ပြီး နောက်ကိုယ်ဝန်ဆောင်ခဲ့သလို ကျမလဲ အလုပ်နဲ့ဝေးခဲ့ရပါတယ်။  ကျမအမေကတော့ မြေး၁ယောက်ကနေ ၂ယောက်ဖြစ်သွားတော့ ပိုချစ်ရတာပေါ့ (ပိုမျက်စေ့နောက် တာပေါ့)။

နောက်ကိုယ်ဝန်ရပြီး သိပ်မကြာပါဘူး အမျိုးသားအလုပ်က စင်္ကာပူပြန်ပြောင်းရမယ်လို့ကြားရပြန်တယ်။ ဒီလိုနဲ့ ကဲ ရန်ကုန်ပြန်မွေးမယ် ဆိုပြီ အထုပ်ပြင် ပြီး ကျမတို့သားအမိတွေ ပြန်ခဲ့ကြတယ်။ အမျိုးသားကတော့ စာချုပ်မပြည့်သေးတော့ ကျမတို့ကို လိုက်ပို့ပြီး ယူအေအီးကို ပြန်သွားခဲ့တယ်။ နောက်ပိုင်း အမျိုသားက နောက်တစ်နှစ်ဆက်နေရမယ် ဖြစ်ပြန်တော့ ကိုယ်ဝန် အရင့်အမာကြီးနဲ့ ရန်ကုန်နေ ယူအေအီးကို တခေါက်ပြန်ရောက်ခဲ့ရပြန်တယ်။ သွန်ဆင့်လေးရဲ့ကံပေါ့ သူဒီနိုင့်ငံမှာမွေးဖို့ ကံပါလာတယ် ထင်ပါတယ်။ ခုသွန်ဆင့်လေး ၆ လပြည့်ပြီးလို့ ၇ လထဲတောင်ရောက်နေပါပြီ။

ကျမဆုတောင်းပြည့်ခဲ့ပါတယ် ယူအေအီးကို စရောက်ပြီး ခုချိန်အထိမိသားစု တူတူရှိခဲ့ကြတယ်လေ။ နောက်လဲ တူတူရှိဖို့ အမြဲဆုတောင်းနေမိပါတယ်။ ကျမတို့ အိမ်ထောင်သက်တမ်း ၈ နှစ်ပြည့်အဖြစ် အမှတ်တရ ဒီ Post လေးကိုရေးလိုက်ရပါတယ်။ နောက် နှစ်တွေ မှာလဲ  ဒုက္ခတွေကို အတူရင်ဆိုင်ရင်း၊ သုခတွေကို အတူမျှဝေခံစားရင်း ကျမတို့ မိသားစုလေး အမြဲအတူရှိနေနိုင်ပါစေလို့ ဆုတောင်းရင်း.....

အားလုံးပဲ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံတဲ့ နှစ်သစ်ဖြစ်ပါစေလို့ ဒီနေရာလေးကနေ ဆုတောင်းပေး လိုက်ပါတယ်.........

Thursday, December 29, 2011

ကျမနဲ့ Sales


သမီးငယ်လေးမွေးပြီး နို့ထွက်နည်းလို့ ထွက်အောင်စားလိုက်ရတဲ့အစား။ စားလွန်လို့ ၀လာလိုက်တာ မမွေးခင်က အ၀တ်အစားတွေ တခုမှ မတော်လို့ ဗိုက်ဖုံးအကျီင်္တွေ ပြန်ဝတ်နေတဲ့အထိတောင် ရောက်ရပါတယ်။

အပြင်လဲသိပ်မထွက်ဖြစ်တော့ ဒီခန္ဒာကိုယ်နဲ့ ဆိုင်သွားပြီ အ၀တ်အစားတွေ ရွေးပြီး မ၀ယ်ချင်တာက တကြောင်း ကိုယ့်ကိုကိုယ်မှန်တောင်မကြည့်ချင်လောက်အောင်ဖြစ်ရပါတယ်။ သမီးလေးနို့ပျက်မှပဲ weight ချပြီး အ၀တ်အစားတွေ ၀ယ်မယ်လို့ အားတင်းထားခဲ့ရပါတယ်။ သို့သော်လဲ sales ရဲ့ ဆွဲအားက ပြင်းပါတယ်။

ယူအေအီးမှာ အ၀တ်အစားပဲဝယ်ဝယ် အလှပြင်ပစ္စည်းပဲဝယ်ဝယ် ဈေးဝယ်ရတာ စလုံးထက် သာပါတယ်။ ကုန်ပစ္စည်းပေါ်ကျသင့်တဲ့ အခွန်မရှိပါ ကြိုက်သလောက်ဝယ် ကျသလောက်ရှင်းပါပဲ။ GST ဆိုတဲ့ ဟာကြီးမရှိပါ။ ဈေးလဲ တော်တော်ချိုပါတယ်။ ဒီကြားထဲ New Year လိုအချိန်မျိုး Sales ချပြီးဆိုရင် တော်တော့်ကို တန်လို့ လူတိုင်း နီးပါး ၁ နှစ်စာဝယ်ကြပါလေရဲ့။ ကျမလဲ မိန်းမထဲက မိန်းမဆိုတော့ Shopping ဆိုတာကြီးကို ဘယ်လို ဒုက္ခမျိုးပဲ တွေ့တွေ့ ရှောင်လွဲဖို့ အားမသာခဲ့ပါ။

တနေ့ Marina Mall (Abu Dhabi) ကိုသွားဖြစ်ခဲ့ပါတယ်။ အဲဒီ့မှာ Promod ဆိုတဲ့ ပြင်သစ် brand ဆိုင်မှာ sales ချနေတာ တွေ့တာနဲ့ ၀င်ကြည့် ဖြစ်ခဲ့ပါတယ်။ ထုံးစံအတိုင်း ကျမလို အမျိုးသမီးတွေနဲ့ ကြိတ်ကြိတ်တိုးနေပါတယ်။ စိတ်လွတ်ပြီး ၀ယ်မိတယ်။ များသွားတယ်လို့ ထင်ပေမဲ့ မများပါဘူး လို့ အမျိုးသားက ပြောပါတယ်။ သူ့စိတ်ထဲပါမပါတော့မသိဘူး။ :) ဒါနဲ့ အပိုဆုအနေနဲ့ Esprit မှာပါ 50% ဆိုလို့ ဂျင်းဘောင်ဘီးတထည်ပါ ၀ယ်ပေးလိုက်တယ်။

ရှိသမျှဘောင်းဘီတွေလဲ ၀လို့ မတော်တာကများပါတယ်။ ဒီထက်တောင် ၀ယ်ရဦးမည် မဟုတ်ပါလား။ တော်ပြီ တနှစ်စာ ဒါပဲဝတ်တော့မယ်လို့ ဆုံးဖြတ်ပြီး အိပ်လိုက်ပါတော့တယ်။ သို့သော်လဲ နောက်နေ့များ Mall ရောက်တဲ့အခါ SALES ဆိုတဲ့ အဖြူစာသားကို အောက်ခံ အနီနဲ့ရေးထားတဲ့ အဆိုင်ရှေ့ က ဖြတ်လျှောက်ရုံပဲ လျှောက်မိမယ်မထင်ပါ...


အများသွားရည်ကျအောင် Promod က Fashion လေးတွေ တင်ပေးထားလိုက်တယ်။















ထပ်ကြည့်ချင်ရင်တော့ ဒီမှာသွားကြည့်နိုင်ပါတယ် :)
Source: http://www.promod.eu




Sunday, December 25, 2011

Merry Christmas and Happy New Year




နှစ်ကူးတော့မယ်ဆိုတဲ့ အသိကြောင့် စိတ်ထဲမှာ ခံစားမှုက ထူးကဲနေတာတော့အမှန်ပဲ။ ကူးမဲ့နှစ်က ၂၀၁၂ ဆိုသောကြောင့် ထင်တယ်။ ၂၀၁၂ မှာ ကျမတို့ မိသားစုထဲ အပြောင်းအလဲလေးတွေ ဖြစ်လာမယ်လို့လဲ ကြိုသိထားတာလဲပါတယ်။သမီးငယ်လေး ၁ နှစ်ပြည့်မယ်။ သမီးကြီး ၄ နှစ်ပြည့်မယ်။ အမျိုးသားအလုပ်က နိုင်ငံပြောင်းရမယ်။ စတဲ့ အပြောင်းအလဲတွေ ရှိမယ်ဆိုတာ ကြိုသိထားရတယ်။

ဗုဒ္ဓဘာသာ တစ်ယောက်ဖြစ်တာကြောင့် လာတော့မသိ။ ခရစ်စမတ်ကို ကိုယ်နဲ့မဆိုင်သလဲ နေခဲ့မိတယ်လို့ပြောရင် မှားမယ်မထင်တယ်။ ဒါပေမဲ့ ဒီလို ရာသီမျိုးမှာ ဘယ်နားသွားသွား ခရစ်စမတ် သစ်ပင်တွေ၊ ခေါင်းလောင်းလေးတွေ၊ အနီနဲ့ အဖြူနဲ့ တွဲပြီး ဒီဇိုင်းအမျိုးမျိုး လုပ်ကာ ခရစ်စမတ်ကို ကြိုနေတဲ့ သင်္ကေတတွေက နေရာတိုင်းလိုလိုမှာတွေ့နေရတော့ စိတ်ထဲ ကြည်နူမိတာတော့အမှန်ပဲ။

ခရစ်စမတ် နဲ့  နှစ်သစ်အတွက်သီးခြား Post ရေးဖို့ အစီအစဉ်မရှိတာအမှန်ပါ။ Rose ရဲ့ Tag လေးကြောင့် ဒီ Post လေးရေးဖြစ်တာပါ။ ကျေးဇူးပါ Rose ရေ။

Rose မေးထားတဲ့ စိတ်ဝင်စားစရာ မေးခွန်းလေးတွေ ကို အောက်မှာ ဖြေပေးထားပါတယ်။

Rose: ခရစ်စမတ် ရောက်ခါနီးရင် စိတ်လှုပ်ရှား ပျော်ရွှင်မိပါသလား။
NNYM: ထူးထူးခြားခြား ကြီးမဟုတ်ပေမဲ့ စိတ်တော့ အနည်းငယ်ကြည့်နူမိပါတယ်။
Rose: ကိုယ့်ရဲ့ အိမ်ကို ခရစ်စမတ် သစ်ပင်၊ decoration ornaments များနဲ့ အလှဆင်လေ့ ရှိပါသလား။
NNYM: ခရစ်စမတ် သစ်ပင်လေးတွင်မြင်ရင် သဘောကျပေမယ့် အိမ်မှာခုထိ ၀ယ်ပြီး အလှမဆင်ဖူးပါဘူး။ နောင်တချိန်တော့ မပြောတတ်ဘူးပေါ့နော်။
Rose: နှင်းတွေ အေးခဲနေတဲ့ နေရာကို သွားရောက်လည်ပတ်ချင်ပါသလား။ တကယ်လို့ နှင်းတွေကြားမှာ လက်ရှိနေထိုင်နေရင် နှင်းမပါတဲ့ ခရစ်စမတ်နဲ့ နှင်းဖြူဖြူတွေ ကျရောက်နေတဲ့ ခရစ်စမတ် ဘယ်အရာကို ပိုနှစ်သက်မိလဲ (ရွေးချယ်ခွင့် ရှိမယ်ဆိုရင်ပေါ့)။
NNYM: နှင်းတွေ အေးခဲနေတဲ့ နေရာကို အလည်သွားချင်ပေမယ့် အအေးဒဏ်ကို ခံနိုင်ပါ့မလားလို့ စိုးရိမ်မိတယ်။ ခရစ်စမတ်မှာ နှင်းဖြူဖြူလေးတွေ နဲ့ဆို ပိုပြီး လိုက်ဖက်မယ် ထင်တယ်နော်။
Rose: ခရစ်စမတ်ပိတ်ရက်ကို ဘယ်လို ဖြတ်သန်းချင်ပါသလဲ။ အဲ့ဒီအချိန်မှာ ခရီးထွက်တတ်ပါသလား။
NNYM: ပိတ်ရက်မှာ မိသားစုနဲ့ အတူရှိနေရရင်ပဲ ကျေနပ်ပါတယ်။ ဒီနိုင်ငံ (ယူအေအီး) မှာတော့ ခရစ်စမတ်မှာ မပိတ်ပါဘူး။ ခရစ်စမတ်မှာ ခရီးသွားဖို့လဲ အစီအစဉ်မရှိသလို အရင်ကလဲ မသွားဖူးပါဘူး။
Rose: ချစ်တဲ့ခင်တဲ့သူတွေကို ဘယ်လို လက်ဆောင်လေးတွေ ပေးဖြစ်လဲ။
NNYM: ခရစ်စမတ်မှာ တကယ်ကို တခါမှ ဘယ်သူ့ကိုမှ ဘာမှ မပေးဖူးပါဘူး။
Rose: ခရစ်စမတ်မှာ အမှတ်တရလေးတွေ ရှိခဲ့ဖူးရင် ပြောပြပေးပါ။
NNYM: လွန်ခဲ့တဲ့ ၁၀နှစ်လောက်က ခရစ်စမတ်မှာတော့ သူငယ်ချင်းတယောက် ဘီယာလိုက်တိုက်တာ သွားသောက်မိတယ်။ ဒါပေမယ့် တငုံသောက်ပြီး မကြိုက်လို့ ဟင်းတွေပဲ စားပြီးပြန်လာခဲ့တယ်။ အမှတ်တရတော့ မဟုတ်ဘူးပေါ့နော် ဒါလေးပဲ အတွေ့အကြုံရှိလို့ပါကွယ်။
Rose: နှစ်သစ် အကြိုညမှာ ဘယ်သူတွေနဲ့ အတူတူ ရှိနေချင်ပါသလဲ။
NNYM: မိသားစုနဲ့ပေါ့။
Rose: New Year Eve မှာ countdown ပြုလုပ်လေ့ ရှိသလား။ အမှတ်တရများ ရှိခဲ့ရင် ပြောပြပေးပါ။
NNYM: Countdown ပြုလုပ်လေ့မရှိပါဘူး။ ပြီးခဲ့တဲ့နှစ် New Year က သမီးငယ်လေးကို ကိုယ်ဝန်စရှိတော့ အလှူလုပ်ချင်တာရော Anniversary အတွက်ပါ ပေါင်းပြီး ဒီနိုင်ငံက မြန်မာအသိတွေကို ဖိတ်ပြီး ကျွေးပါတယ်။ ညဘက်လဲ အိမ်ခေါင်မိုး ပေါ်မှာ ၀ိုင်းလုပ်ပြီး သူတို့တွေ ပျော်ကြတယ်ပေါ့။ ကျမကတော့ ထုံးစံမပျက် နှစ်သစ်ကို အိပ်ရင်းပဲ ကြိုဆိုပါတယ်။ 
Rose: နှစ်သစ်ကို ကုန်ဆုံးစေချင်တဲ့ နေရာသီးသန့်မျိုး ရှိပါသလား။ အလည်အပတ် အစီအစဉ် ရှိ၊ မရှိ ဖော်ပြပေးပါ။
NNYM: ဘယ်နေရာမှာပဲဖြစ်ဖြစ် မိသားစုနဲ့ နှစ်သစ်မှာရှိချင်ပါတယ်။ အလည်အပတ် တော့ မရှိမှာ သေချာပါတယ်။
Rose: နှစ်သစ်မှာ New Year Resolution အနေနဲ့ ဘာတွေ ဆုံးဖြတ်ချက်ချပြီး အကောင်အထည် ဖော်တတ်ပါသလဲ။
NNYM: ဘာဆိုဘာမှ အကောင်အထည် ဖော်ဘူး။
Rose: နှစ်တစ်နှစ် ကုန်ဆုံးသွားတဲ့ အပေါ် လွမ်းမောတသတာမျိုး၊ အချိန် မကုန်စေချင်တာမျိုး ရှိတတ်ပါသလား။
NNYM: မရှိပါ။
Rose: နှစ်သစ်ကူးတိုင်း အမြဲ သတိရမိတာတခုက ငါသေဖို့ တနှစ်နီးလာပြီဆိုတာပါ။ နှစ်သစ်ရောက်ရင် ဆွေမျိုး၊ မိတ်ဆွေတွေကို ပို့စ်စကဒ်များ၊ e-card များနှင့် နှုတ်ခွန်းဆက်တာမျိုး ရှိပါသလား။
NNYM: မရှိပါ။
Rose: ထပ်ပြီး ဖြည့်စွက် ရေးချင်တာက....။
NNYM: ဒီနှစ်တော့ အားလုံးကို ဒီနေရာလေးကနေ နှုတ်ခွန်းဆက်ပါတယ်ရှင်။ အားလုံးပဲ ပျော်စရာကောင်းတဲ့ ခရစ်စမတ်နဲ့ မင်္ဂလာရှိတဲ့ နှစ်သစ်ဖြစ်ပါစေလို့…..








Thursday, November 24, 2011

ဟိုတွေးဒီတွေး

ဒီနေ့ မိုးအုံ့တယ်။ ၁၂နာရီကျော်သွားပြီဆိုတော့ မနေ့က ဖြစ်သွားပြီပေါ့။ လေတိုက်တာလဲ မိုးနံ့လေးရတယ်။ ဒီမှာက မိုးရွာခဲတယ်။ တနှစ်တခါပဲ ရွာတယ် ရွာရင်လဲ စိုတယ်ဆိုယုံလေး။ မိုးရွာတာ မမြင်ရတာကြာပြီ။ ဒီနေ့မိုးရွာရင်ကောင်းမှာပဲလို့ ဆုတောင်းမိတယ်။ ဆုတောင်းပြည့်ရင်တော့ ငှက်ကလေးတွေ ကြောင်ကလေးတွေ သနားစရာနော်။ ထူးခြားတယ် ဒီမှာ ခွေးမတွေ့ရဘူး။ ကြောင်တွေ ရှိပေမယ့် လမ်းဘေးမှာပဲ နေပြီး အမှိုက်ပုံမှာပဲ စားကြတယ်။ သူတို့ကို ဒီကလူတွေက အိမ်မှာမမွေးကြဘူး။

မိုးရွာတာကို သတိရတာနဲ့ မြန်မာပြည်ကို သတိရမိတယ်။ ငယ်ငယ်တုန်းက မိုးရွာထဲမှာ ဆော့ခဲ့တာတွေ မြင်ယောင်နေမိတယ်။ မိုးရွာရင် မိုးရေချိုးတယ် သရက်သီးတွေ လိုက်ကောက်တယ် ပျော်တယ်။ ကြီးလာတော့ရော မိုးရွာတာကို ကြိုက်တာပဲ.. မိုးရွာနေတဲ့အချိန် အိမ်ထဲမှာရှိနေရင် အိပ်ယာထဲမှာ စောင်ကလေးခြုံပြီး စာအုပ်လေးဖတ်လိုက် ကော်ဖီလေးသောက်လိုက်ပေါ့။ အပြင်မှာဆို မိုးရွာတာကို တနေရာကနေ ထိုင်ကြည့်ရင်ကြည့် ကြည့်လို့အားမရရင် မိုးရွာထဲ လမ်းလျောက်တယ်လေ။ နွေ မိုး ဆောင်း သုံးရာသီထဲမှာ မိုးရာသီကို အကြိုက်ဆုံးပဲ။

သမီးတို့အဖေလဲ မိုးရာသီကို အကြိုက်ဆုံးဆိုတော့ ချစ်သူဖြစ်ကြတော့လဲ မိုးရွာထဲ လျောက်သွားဘူးတယ်။ သူငယ်ချင်း ဘ၀တုန်းကလဲ မိုးရွာထဲ သွားဘူးတာပါပဲလေ။ ချစ်သူတွေဆိုတော့ အရူးအမူးချစ်ခဲ့ဖူးတာတွေ သတိရမိပြန်ရော။ ခုတော့ အဲ့ဒါတွေ ပြန်မရနိုင်တော့ပါဘူးလေ။ အိမ်ထောင်သည်ဘ၀နဲ့ သမီးရည်းစားဘ၀က မတူနိုင်ဘူးပေါ့လေ။ ခုတော့လဲ သမီးလေး၂ယောက်နဲ့ဆိုတော့ ပိုပြည့်စုံသွားတယ်ပေါ့။ အကောင်းဘက်က တွေးလိုက်တော့ စိတ်ချမ်းသာတာပေါ့။

မိုးရွာတာ ကြိုက်လား မကြိုက်လား နာဂစ်ဖြစ်တုန်းက သမီးကြီး ကိုယ်ဝန်နေ့စေ့လစေ့ကြီးနဲ့။ အမျိုးသားက အဝေးမှာ။ အားလုံးက ဗိုက်နာမှာ စိုးရိမ်နေကြတာ။ ကိုယ်ကတော့ အေးဆေးပဲ စာအုပ်လေးဖတ်ပြီး ခေါက်ဆွဲကြော် စားကြမယ်လေ ဆိုပြီး မေကြီးကို ပူဆာသေးတာ။ ဘယ်နေရာတွေ မှာမုန်တိုင်းတိုက်နေတယ် မသိတော့။ ဖေကြီးကိုတော့ စိတ်ပူမိပါတယ်လေ။ ဖေကြီးက မြို့ထဲမှာနေတာ တယောက်တည်း။ ဒါပေမယ့် ကိုယ်လဲ ဘာမှမှ လုပ်လို့မရပဲ။

လယ်ကွင်းထဲမှာ နေတဲ့သူတွေအတွက်လဲ တွေးပူလိုက်သေးတယ်။ ဒါပေမယ့်လဲ ဖေကြီးပြောတဲ့အတိုင်းပဲ သမီးက ပူပင်သောကနည်းတယ်တဲ့။ ဖေကြီးပြောတုန်းကတော့ ဟုတ်လို့လားလို့ သံသယဖြစ်မိပေမယ့် ခုပြန်တွေးကြည့်တော့လဲ ဟုတ်နေတာပဲ။ ခုတော့ သမီး၂ယောက် အတွက် ပူစရာတွေရှိလာပါပြီလေ။ ဘေးအိမ်မှာနေတဲ့ အဒေါ်က အမျိုးသားက အဝေးမှာ သမီးနှစ်ယောက်နဲ့ နေတာဆိုတော့ သူဆို ကြောက်လို့ငိုတယ်တဲ့။ မုန်တိုင်းပြီးမှ ပြန်ပြောပြလို့ ကိုယ်က အံသြနေသေး။ ကိုယ်လဲ သူ့နေရာမှာဆို ဖြစ်ချင်ဖြစ်မှာပေါ့လေ။

နောက်နှစ်မိုးရာသီတော့ မြန်မာပြည်မှာ ရှိနေမှာပါလေ။ နောက် ၆လလောက်တော့ စောင့်ရမှာပေါ့။ ဒီနေ့ဆုတောင်းမပြည့်ပါဘူး မိုးမရွာဘူး။ မိုးလေးအုံ့နေတုန်းကတော့ ကော်ဖီလေးဖျော်ပြီး ကမန်းကတန်း အမှတ်တရာ သောက်လိုက်သေးတယ်။ ခုက ဇိမ်ကလေးနဲ့မှ သောက်လို့မရတော့ပဲ။ ကလေးအမေဖြစ်နေပြီကိုး။ ကလေးအမေဆိုလို့ သမီးငယ်လေးလဲ ဒီနေ့မှ နေကောင်းသွားတာ။ လွန်ခဲ့တဲ့ ၂ရက်က ဖျားနေတာလေ။ အင်း အတွေးတွေကို လိုက်ရေးရင်ဆုံးတော့မှာ မဟုတ်ပါဘူး။ အိပ်တာပဲကောင်းပါတယ်။

တိမ်ပုံလေးတွေကို အိမ်ပြူတင်းပေါက်ကနေ လှမ်းရိုက်ထားတယ်။












နို့ကော်ဖီ
ဘာလဲနို့ကော်ဖီ နို့တိုက်မိခင်ဆိုတော့ ကော်ဖီမသောက်ရဘူး။ နို့ကို low fat သောက်ရမယ်ဆိုတော့ နို့လဲ မကြိုက်ပြန်ဘူး မသောက်လို့လဲမရဘူးဆိုတော့ ဆုကော်ဖီမှုန့်ကို နှပ်ထားပြီး နို့ထဲကို အရောင်ပါတယ် ဆိုရုံလေး ထည့်သောက်လိုက်တော့ နို့ကော်ဖီ ဖြစ်သွားတယ်။

Monday, November 21, 2011

Tchibo (or) Brand For Less

Tchibo ဆိုင်လေးကို မိတ်ဆက်ပေးချင်တဲ့ အကြောင်းလေးကတော့ အဓိက ဈေးသက်သာလို့ပါ။ ကျမနေတဲ့ မြို့မှာတော့ Tchibo(TCM) မှာ factory outlet တွေပဲရောင်းတာပါ။ ဒါကြောင့် ဈေးချိုပါတယ်။ ဈေးချိုပြီး ပစ္စည်းတွေလဲ ပေးရတာထက်တန်အောင် ကောင်းတယ်လို့ထင်ပါတယ်။ အိမ်သုံးပစ္စည်း၊ အ၀တ်အထည်၊ အရုပ်၊ အိတ်၊ မျက်မှန်၊ နာရီနဲ့ ဖန်စီပစ္စည်းလေးတွေ ရနိုင်ပါတယ်။ တခါတရံ furniture လေးတွေတောင်တွေ့ ရတတ်ပါတယ်။

ကျမ အမေဆို အဲ့ဒီဆိုင်ကပဲ အမြဲဝယ်ပါတယ်။ သူအကြိုက်ဆုံးကတော့ ပါဝါမျက်မှန်လေးတွေပါ။ အဲ့ဒီဆိုင်က မျက်မှန်ကိုင်းလေးတွေက ဖိုက်ဘာနဲ့ လုပ်ထားတာလေးတွေဆိုတော့ ပေါ့ပေါ့လေးတွေပါ။  မေကြီးက အဲ့ဒီမျက်မှန်လေးတွေ ၀ယ်ပြီး ဆိုင်မှာ မျက်စိစမ်းပြီး မှန်လဲပြီးတော့ သုံးပါတယ်။ ကျမ၀ယ်တာကတော့ ကလေး ပစ္စည်းတွေပေါ့။ အဲ့ဒီဆိုင်မှ မဟုတ်ပါဘူး ဘယ်ဆိုင်ဝယ်ဝယ် ကိုယ့်အတွက်မပါပဲ ကလေးတွေအတွက်ပဲ ပါလာတတ်တယ်လေ။

ဒီမှာက နာမည်ကြီးတံဆိပ်တွေဆို AED 100 အထက်ပေးရပါတယ်။ ကျမကတော့ ပေါချောင်ကောင်းကြိုက်လို့လားတော့ မသိဘူး အဲ့ဒီဆိုင်လေးကို သဘောကျပါတယ်။
ရောက်ခါစကတော့ အကြောင်းမသိသေးတော့ ၁၀၀ကျော်လဲဝယ် ၂၀၀လဲဝယ်နဲ့ ၀ယ်ပါတယ်။ ခုတော့ နေတာလဲ နဲနဲကြာ သူငယ်ချင်းတွေကလဲ ပြောတော့ discount ချတဲ့အချိန်ပဲ တနှစ်စာစုပြီး ၀ယ်ဖြစ်ပါတယ်။ ဒီမှာ sales ချတဲ့အချိန်တွေကတော့ တော်တော်များပါတယ်။ ဒါပေမယ့် ဒီဇင်ဘာလကုန်ကနေ ဇန်န၀ါရီလကုန် အထိချတဲ့အချိန်က အတန်ဆုံးပါ နောက်ဆုံး sales ဆို 75% ထိချတတ်ပါတယ်။ TCM ကိုတော့ ရောက်တိုင်းဝင်ကြည့်မိမြဲ ကလေးတွေအတွက်တွေ့တိုင်း ၀ယ်မိပါတယ်။

အဘူဒါဘီမှာတော့ Khalidiya Mall, Mushrif Mall နဲ့ Abu Dhabi Mall နားက Abu Dhabi Co-operative မှာရှိပါတယ်။ ဒါက ကျမသိတဲ့နေရာတွေပါ။ ကျမ မသိသေးတဲ့နေရာတွေ မှာလဲ ရှိချင်ရှိနိုင်ပါတယ်။ Brands for Less ဆိုတဲ့နာမည်နဲ့လဲ Hamdan Street မှာတဆိုင် ရှိပါတယ်။ ရောင်းတဲ့ ပစ္စည်းတွေကတော့ အတူတူပါပဲ။ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ရောက်ဖြစ်တော့ ၀ယ်ခဲ့တာလေးတွေပါ။

မေကြီးကြိုက်တယ်ဆိုတဲ့ မျက်မှန်

AED 21
အဖျားတိုင်းဖို့ သာမိုမီတာ AED 22
ထည့်ချင်တာထည့်ဖို့ Toys Bag (32 AED)

သမီးကြီးအတွက် (29 AED)

အေးလာပြီဆိုတော့ အနွေးထည်လိုပြီလေ
AED 33
သမီးကြီး အတွက်
AED 39
သမီးငယ် အတွက်
AED 49
သမီးငယ် အတွက်
AED 49
သမီးငယ် အတွက်
မေကြီးဝယ်တာ ဖန်စီနားကပ်နှင့် ဆွဲကြိုး (AED 49)

ဒါက အရင်ထဲက ၀ယ်ထားတာ AED 59 ထင်တယ်...



ဒီနာရီအကြောင်း ကြွားချင်လို့ ထည့်ထားတာ :) ကျမနဲ့ အမတယောက်နဲ့ ဆင်တူဝယ်ထားတာ။ တခါတည်း အတူတူ ၀ယ်တာတော့မဟုတ်ဘူး။ တရက် ကျမ သူငယ်ချင်းအိမ်သွားတော့ ဓါတ်လှေခါးထဲ အ၀င် ဓါတ်လှေခါးရဲ့ တံခါးက အလိုလိုပြန်ပိတ်တော့ ကျမညှပ်မိမလိုဖြစ်သွားတယ်။ အဲ့ဒီအချိန်မှာ ဒီနာရီပတ်ထားတော့ နာရီနဲ့ ဓါတ်လှေခါး တံခါးတိုက်မိတယ် တော်တော်တော့ အရှိန်ပြင်းတယ် ကျမတောင် နဲနဲနာသွားတယ်လေ။ ငါ့နာရီတော့ ကွဲပြီထင်တယ်ဆိုပြီး ကြည့်လိုက်တာ မကွဲတဲ့အပြင် အက်လဲမအက်ဘူး ခြစ်ရာတောင် မထင်ဘူး။ အဲ့ဒါကို မြင်ပြီး အဲ့ဒီအမက ကြိုက်လို့ဆို သူလဲ သွားဝယ်တယ်လေ။ သူကျတော့ အဲ့ဒီနာရီဝတ်ပြီး ရေထဲကို မေ့ပြီးနာရီ မချွတ်ပဲ ဆင်းဆော့တာ လုံးဝ ရေမ၀င်ဘူးတဲ့။ ဒီနာရီလေးလဲ အဲ့ဒီဆိုင်က ၀ယ်တာပါ။ ဈေးလဲ သက်သာပါတယ်နော်။ အဲ့ဒီဆိုင်လေးကို အဘူဒါဘီက ကျမရဲ့ ညီအကို မောင်နှမတွေ သွားဖြစ်ရင် ကိုယ်ကြိုက်တာတွေ့ရင် တခါတည်းဝယ်ပါ လို့မှာပါရစေ။ ဘာလို့လဲ ဆိုတော့ နောက်တခေါက်မှ ၀ယ်မယ်ဆိုရင် အဲ့ဒီပစ္စ္စ္စည်း မရှိတော့မှာ သေချာပါတယ်။ အဖြူတွေဆို လှည်းနဲ့ အပြည့်အမောက်ကို ၀ယ်ကြတာတွေ့တာပဲ။ ဘာရယ်တော့ မဟုတ်ပါဘူး ဒီက ညီအကို မောင်နှမတွေကို ဒီဆိုင်လေးကို သိစေချင်လို့ ဒီပိုစ့်လေး ရေးလိုက်တာပါ။

Tuesday, October 11, 2011

မမုန်းပါ.............

 သမီးလေးတို့ရေ..........
သမီးတို့ရဲ့ ဖိုးဖိုး မေကြီးရဲ့ ဖေဖေက ပြောဘူးတယ်။ သမီး ဘယ်သူ့ကိုမှ မမုန်းပါနဲ့တဲ့။ မုန်းရင် ရှုံးတာနဲ့ အတူတူပဲတဲ့။ ဒါကြောင့် သမီးတို့လဲ ဘယ်သူ့ကိုမှ ဘာအတွက်နဲ့ မှ မမုန်းမိစေနဲ့နော်။ ဥပမာ သမီးက လူတယောက်ကို မုန်းနေပြီဆိုပါတော့ အဲ့ဒီအချိန်မှာ သမီးစိတ်ထဲ ဘယ်လိုခံစားနေရမလဲ ဆိုတာ စဉ်းစားကြည့်ရအောင်။ သမီးစိတ်ထဲမှာ အဲ့ဒီလူအကြောင်းကိုပဲ တွေးနေမယ် သတ်ပစ်ချင်တယ် ရိုက်ချင်တယ် ဒါမှမဟုတ်တခုခုလုပ်ချင်တယ်ဆိုပြီး တချိန်လုံး စိတ်ဆင်းရဲနေရမယ်။ အဲ့ဒီတော့ သမီးမှာ အကုသိုလ်တွေ စိတ်ဆင်းရဲခြင်းတွေ ပူပင်သောကတွေပဲ ပိုင်ဆိုင်နေတာပေါ့။ သမီးစိတ်ထဲ အဲ့လိုခံစားနေရတဲ့ အချိန်မှာ သမီးမုန်းနေတဲ့သူက ဘာလုပ်နေမလဲ လို့ သမီးတွေးကြည့်ပါ။ သူ ရုပ်ရှင်ကြည့်ချင်လဲ ကြည့်နေမယ် အပေါင်းအသင်းတွေနဲ့ လျောက်လည်ချင်လည်နေမယ် ဘုရားရှိခိုးချင်လဲ ရှိခိုးနေမယ်။ သမီးကသာ မုန်းလို့ စိတ်တွေဆင်းရဲပြီး မပျော်နိုင်ပေမယ့် သူကတော့ ပျော်နေတာလေ။ ဒါကြောင့် မုန်းတဲ့သူက စိတ်ဆင်းရဲနေပေမယ့် အမုန်းခံရတဲ့သူကတော့ ပျော်ရွှင်နေတာဆိုတော့ မုန်းတဲ့သူက ရှုံးနေတာပေါ့နော်။ အဲ့ဒီတော့ သမီးတို့လဲ ဘယ်သူ့ကို မှ မမုန်းပါနဲ့ကွယ်။ ကိုယ့်ကိုယ်ကိုလဲချစ်ပါ သူတပါးကိုလဲချစ်ပါ။ မေကြီးကတော့ သမီးတို့ဘိုးဘိုးရဲ့ ဆုံးမစကားကို ကြားပြီးထဲက ဘယ်သူ့ကိုမှ မမုန်းတော့ပါဘူး။

Monday, October 3, 2011

အကြိုက်ဆုံး ကဗျာ

ဘဝ
အငိုနဲ့ စ
အငိုနဲ့ ဆုံး
ဘ၀ နိဂုံး
နာမည် တစ်လုံး
မဆုံးပါစေနှင့်။ 

ကဗျာရေးသူအမည် မမှတ်မိတော့ပါ။ ဆယ်ကျော်သက်အရွယ်ထဲက စိတ်ထဲစွဲနေသည့် ကဗျာလေးပါ။

Monday, September 26, 2011

ချဉ်စပ်ခေါက်ဆွဲ

ခေါက်ဆွဲပြုတ်

ညက ခေါက်ဆွဲပြုတ်စား ဖြစ်တာနဲ့ အရင်က အကြောင်းတွေပါ သတိရသွားတယ်။ ချဉ်စပ်ခေါက်ဆွဲ ဆိုလို့ အထူးအဆန်းကြီးမှတ်နေအုံးမယ် ယမ်ယမ်ချဉ်စပ်ကို ပြုတ်စားတာ :)။ သမီးတို့အဖေ ရုံးကပြန်လာပြီး ခေါက်ဆွဲပြုတ်စားမယ်ဆိုတာနဲ့ ငါလဲစားမယ်လို့ပြောလိုက်တယ်။ အရင်က ဆို ကိုယ့်ဘာသာ လုပ်စားပေါ့လို့ ပြောချင်ပြောမှာ။ ခုတော့ ငါ့သမီးလေကို နို့တိုက်နေရတယ် ဆိုတဲ့စိတ်နဲ့ ဘာမှမပြောပဲ လုပ်ပေးတယ် :)။ ဒီလိုပဲ ညာစားနေတာ။ ခေါက်ဆွဲလောက်တော့ လူတိုင်းပြုတ်တတ်မှာဆိုတော့ ပြုတ်နည်းတော့ မရေးတော့ပါဘူး။ အခုပြုတ်စားတာက ယမ်ယမ်ချဉ်စပ်ကို မုန်လာဥနီ broccoli(ပန်းပွင့်အစိမ်း) ပုစွန် ကြက်ဥ နဲ့ပြုတ်စားပါတယ်။ ချဉ်ချဉ်စပ်စပ်လေး စားလို့ကောင်းတယ်။ မေကြီးမရှိလို့ ရှိရင် အဆူခံရမှာ။ ကလေးငယ်လေးနဲ့ကို အစပ်တွေစားလို့:)။ အရင်ကဆို ရန်ကုန်အိမ်မှာ တနင်္ဂနွေပိတ်ရက်တွေဆို ချက်ရပြုတ်ရမှာပျင်းလို့ ခေါက်ဆွဲပဲ ပြုတ်စားတာ။ တနင်္ဂနွေနေ့တိုင်း မောင်လေးလဲ အိမ်လာတတ်သလို အခင်ဆုံးသူငယ်ချင်းလဲ အမြဲလာတယ်။ အဲ့ဒါ လေးယောက်သား (အဲ့တုန်းက ကလေးမရှိသေးတော့ ဖြစ်သလိုပဲပေါ့) မုန့်ညှင်းဖူး ကြက်ဥ ကြက်သား(သို့)ပုစွန် နဲ့ခေါက်ဆွဲကို ပြုတ်ပြီး စားပွဲပေါ် အိုးလိုက်တင်ပြီး ထည့်စားတာ ပျော်စရာကြီး။ မှတ်မိသေးတယ် သမီးကြီးကိုယ်ဝန်နဲ့တုန်းကလဲ မောင်လေးက ချဉ်စပ်ခေါက်ဆွဲကို ကြော်ချက်လိုမျိုး မြေပဲ ကြက်ဥ ကြက်သား အသီးအရွက်တွေနဲ့ ချက်ကျွေးတာ အရမ်းကောင်းတာပဲ။ အဲ့တုန်းကလဲ ဗိုက်ကလေး ဗန်းပြပြီးတော့ လူတိုင်းကို လိုက်ညာခိုင်းနေတာ ဟီး။ ခုတော့ ဘယ်လိုအကြောင်းပြပြီး ညာခိုင်းရင် ကောင်းမလဲ စဉ်းစားလိုက်အုံးမယ်...

Wednesday, September 21, 2011

မတောင်းပဲပေးတဲ့ မင်းရဲ့လက်ဆောင်

မိန်းကလေးတိုင်းကတော့ ကိုယ်ချစ်တဲ့သူဆီက လက်ဆောင်လေးတွေ လိုချင်တတ်ကြမှာပါ။ အဖိုးတန်သည်ဖြစ်စေ မတန်သည်ဖြစ်စေ ရလာရင်တော့ ၀မ်းသာကြမှာပါပဲ။ တောင်းလို့ရတာနဲ့ မတောင်းပဲ ရတာတော့ ကွာမှာပေါ့နော်။ သမီးရည်းစားဘ၀တုန်းကများ မွေးနေ့ဆိုလဲမှတ်မိ လက်ဆောင်ဆိုတာလဲ တောင်းစရာမလိုခဲ့ဘူး။ အင်း အိမ်ထောင်သည်ဘ၀လဲ ရောက်ရော မွေးနေ့လဲမေ့ လက်ဆောင်ကိုလဲ ဘာဝယ်ပေးမှာလဲ မေးတာတောင် ကိုယ့်ဘာသာ ကြိုက်တာဝယ်ပေါ့တဲ့။ အဲ့လို အဲ့လို.... ဟင်း လက်ဆောင်ကို တောင်းမှရတာမျိုးလဲ မလိုချင် မတောင်းပဲနဲ့လဲ အလိုက်မသိနဲ့ တကယ်ကို စိတ်မောခဲ့ရပါတယ်။ အဓိကတော့ လက်ဆောင်လိုချင်တာမဟုတ်ပါဘူးနော် အလေးထားတာလေး ငါ့ကိုများ အရင်လို ဂရုစိုက်ပါလားဆိုတဲ့ ပီတိလေးကို လိုချင်တာပါ။ ဒါပေမယ့်လဲ မရခဲ့ပါဘူးနော်။ သနားလိုက်ပါတယ် ကိုယ့်ကိုယ်ကိုပဲ :( ။ အရင်တခေါက်ကတော့ အလုပ်ကိစ်စနဲ့ Uganda နိုင်ငံကို ခရီးထွက်တော့ မမှာပဲနဲ့ လက်ဆောင်ဝယ်လာပါတယ်။ လည်ဆွဲလေး ၂ခုပါ။ ဘာပဲဖြစ်ဖြစ် လည်ဆွဲတန်ဖိုးထက် အများကြီး ပျော်ပါတယ်။ မထင်မှတ်ပဲ ရတာ ဒီတခါ ပထမဆုံးပေါ့ (နောက်ဆုံးလဲ ဖြစ်ချင်ဖြစ်နိုင်သည်။)။ အဲ့လိုမျိုး မမျှော်လင့်ပဲ ပန်းလေးတပွင့်ပဲ ဖြစ်ဖြစ်ရချင်သေးပါတယ် ယောင်္ကျားရေ့။ လက်ဆောင်အတွက်လဲ ကျေးဇူးတင်ပါတယ်။ နောက်တခေါက် Kenya သွားတော့ လေဆိပ်က ဖုန်းဆက်တယ် သားရေပိုက်ဆံအိတ်တွေတွေ့တယ် ယူမလားတဲ့ သဘောပဲ ကောင်းမယ်ထင်ရင် ၀ယ်ခဲ့ဆိုတော့ ပါလာတယ်လေ။ မှာတာတွေလဲ ပါလာပါတယ်။ တောင်းလို့ရတဲ့ အရာနဲ့ မတောင်းပဲ ရတဲ့ အရာရဲ့ အဖိုးတန်မှုကတော့ အရမ်းကွာတယ်ဆိုတာ ခံစားဖူးရင် သိမှာပါ။ နောင်ရဖို့တော့ မမျှော်လင့်တော့ဘူး...... စိတ်ပင်ပန်းလို့။ မသိစိတ်တနေရာကများ မျှော်လင့်နေရင်တော့လည်း..........
လည်ဆွဲနှင့် သားရေအိတ်

Tuesday, September 20, 2011

Me Froz (UAE)



Me Froz ဆိုတဲ့ဆိုင်ကို ကြော်ငြာပေးတာ ဟုတ်ဘူးနော်း)။ ယူအေအီးမှာ ရောက်နေကြတဲ့ ညီအကိုမောင်နှမတွေ အတွက် မြန်မာအစားအစာနဲ့ ထိုင်းအစားအစာတွေ ၀ယ်စားနိုင်အောင် ပြောပြပေးတာပါ။ အဘူဒါဘီက လူတွေတော့ အားလုံးနီးပါးသိမယ်ထင်ပါတယ်။ ဒီဆိုင်လေးမှာ မြန်မာငါးတွေတော်တော် များများရပါတယ်။ ငါးသလောက် ငါးကြင်း ငါးပျဉ်မ ငါးမွေဒိုး ငါးတွေနဲ့ တခြား ငါးဖယ်တို့ ငါးဘတ်တို့ပါတွေ့ရပါတယ်။ တခြားမမှတ်မိတော့တဲ့ ငါးတွေလဲ ရှိတယ်နော်။ မှတ်မိသလောက် ပြောပြတာ။ ငါးသလောက်ဥ တောင်ရပါတယ်နော်။ ဒါ့အပြင် မြန်မာပြည်ကလာတဲ့ ဘာလချောင်ကြော်လဲ တွေ့ရပါတယ်။ ထိုင်းအစားအစာတွေ ဖြစ်တဲ့ ခေါက်ဆွဲချဉ်စပ်တို့ ထိုင်းကထုတ်တဲ့ မျှင်ငါးပိ တန်ပူရာမှုန့် မျှစ်ချဉ် တို့လဲ ရနိုင်ပါတယ်။ တခါတလေ မကျည်းကျောက်ကျော ဖျော်သောက်တဲ့ ကျောက်ကျောဘူး လဲတွေ့ရပါတယ်။
အောက်က link ကိုနှိပ်ရင် location map ရပါမယ်နော်။
အယ်လိန်း၊ အဘူဒါဘီ၊ မူဆာဖာ၊ ရှားဂျာနဲ့ ဒူဘိုင်း တို့မှာ ဆိုင်တွေရှိပါတယ်။ ဒူဘိုင်းမှာက ဖွင့်တာမကြာသေးပါဘူး။ အဘူဒါဘီက ဆိုင်က Madinat Zayed Shoes Mart နားမှာပါ။ အဲ့ဒီနားမှာ Vegetable Market လဲရှိပါတယ်။ အဲ့ဒီ Vegetable Market မှာ ချဉ်ပေါင်ရွက် ကန်စွန်းရွက်များလဲ ရနိုင်ပါတယ်။

ငါးကြင်း ( Margal )

ငါးသလောက် ( Hilsa )

Thai food

Thai food

Thai food

 
Me Froz ( Abu Dhabi )

ဒီလို အခန်းတွေလဲ ကြော်ငြာထားတယ်

ဒူဘိုင်းမှာ ဖွင့်ပြီ။